Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၃)

နိုင်ငံမှာ ကာကွယ်ရေးစွမ်းအား မကောင်းပါက သူများက ဖင်ပုတ်ခေါင်းပုတ်လုပ်တာ ခံရလိမ့်မယ်လို့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကပြောဆိုလိုက်ပါတယ်။

“စီးပွားရေးအားမကောင်းလို့ ပိုက်ဆံမရှိတော့ မျက်နှာငယ်ရတယ်။ နိုင်ငံရေးအားမကောင်းတဲ့ အခါကျတော့ သူများတွေက ကျွန်တော်တို့ကို မျိုးစုံ ပြဿနာတွေရှာမှာ။ စစ်ရေးအရ ကာကွယ်ရေးစွမ်းအား မကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မယ်။ ကျွန်တော်တို့တွေ စော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာမဟုတ်ဘူး” လို့ မနေ့ကကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သူကပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အချိန်မှာ မကျင့်သုံးရသေးတဲ့ စစ်မှုထမ်းဥပဒေ ကို တစ်ချိန်ချိန်မှာ လုပ်ကိုလုပ်ရမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေရှိနေသေးတဲ့အတွက် ကျင့်သုံးလို့မရသေးဘူးလို့ သူကပြောပါတယ်။

ကျွန်တော်တို့အနေနဲ့ အခုနှစ်အတွင်း ရည်မှန်းချက်(၃) ခုရှိပါတယ်၊ တစ်အချက်အနေနဲ့ တိုင်းပြည်စီးပွားရေးကို ရအောင်ဆွဲတင်မှာ ဖြစ်တယ်၊ နှစ်အချက်အနေနဲ့ နိုင်ငံရေး ကောင်းမွန်အောင် ဆောင်ရွက်မယ် နိုင်ငံရေးနဲ့ စီးပွားရေး အားကောင်းလာဖို့လိုတယ်၊ သုံးအချက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သူကပြောဆိုခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ်ဟာ စိန်ခေါ်မှုရှိတဲ့ နှစ်တစ်နှစ်ဖြစ်နေပြီး စီးပွားရေးတည့်မတ်အောင် ဆောင်ရွက်လာနိုင်ပါက ပြည်သူတွေက ယုံကြည်လာမှာဖြစ်တယ်လို့ သူကပြောပါတယ်။