Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၃)

တပ်မတော်ရဲ့ ကောင်းမွန်တဲ့ ဂုဏ်သိက္ခာနဲ့ အစဉ်အလာကောင်းတွေကို ထိန်းသိမ်းပြီး စွမ်းရည်ထက်မြက်နေဖို့ ဆောင်ရွက်သွားရန် လိုအပ်ပြီး တရားသောစစ် နဲ့ မတရားသောစစ်ယှဉ်ပါက တရားသောစစ်ဟာ မုချအောင်မြင်ရမှာ ဖြစ်တယ်လို့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောဆိုလိုက်ပါတယ်။

မနေ့ မနက်ပိုင်းမှာ ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုတပ်နယ် က လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ သူကအခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တပ်မတော်သားတွေအနေနဲ့ နိုင်ငံတော်ကာကွယ်ရန်ဆိုတဲ့ ခံယူချက်နဲ့ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၃၇) မှာ တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တယ်လို့ ပြဌာန်းထားပါတယ် ဒါကြောင့်နိုင်ငံတော်ကာကွယ်လိုတဲ့ဆန္ဒ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးအပ်တဲ့ တာဝန်တွေအရ မှန်မှန်ကန်ကန် ရပ်တည်ပြီးတာဝန် ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာ ပြည်သူတွေရဲ့ခုခံတော်လှန်စစ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးနေရချိန်မှာ စစ်ခေါင်းဆောင်တစ်ဦး အနေနဲ့ ပြည်နယ်ဒေသတွေအထိ သွားရောက်စည်းရုံးနေရတာ ဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေး အနေနဲ့လည်း စစ်ကောင်စီအဖွဲ့ဟာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရဖို့ ကြိုးစားဆောင်ရွက်နေတာတွေလည်း ရှိနေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာ က စစ်ကောင်စီဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရ မဟုတ်တဲ့အကြောင်း ပြောဆိုထားပါတယ်။

“အချို့တွေက မြန်မာစစ်တပ်ဟာ တရားမဝင်ဘူးလို့ ပြောဆိုနေတယ်။ မြန်မာစစ်တပ်ရဲ့ အခန်းကဏ္ဍမရှိဘူးလို့ ဆိုလိုလို့မရဘူး။ မြန်မာစစ်တပ်မှာ တရားဝင်အခန်းကဏ္ဍရှိပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့တရားဝင် အစိုးရမဟုတ်ဘူး” လို့ CNA သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူး မှာ သူမက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။