Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၄)

စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေစတဲ့ အရပ်ဖက် အဆောက်အဦးတွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးပြုနေတဲ့ CRPH၊ NUG နဲ့ PDF တွေရဲ့ လုပ်ရပ်တွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပြီး၊ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းရှုတ်ချရန် လိုအပ်တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ကတဆင့် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ (၁)နှစ်မြောက်ချိန်မှာ ကုလသမဂ္ဂအဖွဲအစည်းတွေနဲ့ တာဝန်ရှိသူတွေအပါအဝင် နိုင်ငံနဲ့ အဖွဲအစည်းတချို့က ရှုတ်ချတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲ့ဒီထုတ်ပြန်ချက်တွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချိန်မှာ ထည့်သွင်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်တာနဲ့အညီ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ ပြည်တွင်းတရားစီရင်မှုကို ပြင်ပက ဝင်ရောက်စွက်ဖက် ခြယ်လှယ်တဲ့ ထင်မြင်ချက်တွေနဲ့ ဝေဖန်ပြောဆိုမှုတွေကို လက်မခံသလို နိုင်ငံကြီးတချို့ရဲ့ ပြည်ပစွက်ဖက်မှုတွေဟော အကျိုးဖြစ်ထွန်းတာကို မတွေ့မြင်ရဘဲ အဲ့ဒီအစား သက်ဆိုင်ရာနိုင်ငံက ပြည်သူတွေအကြား စိတ်ဝမ်းကွဲပြားပြီး လက်နက်ကိုင်ပဋိပက္ခတွေ ရှည်ကြာကာ ငြိမ်းချမ်းတည်ငြိမ်မှု မရရှိတာကို တွေ့ရပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရွေးကောက်ပွဲ မသမာမှုတွေကို ဥပဒေနဲ့အညီ ဖြေရှင်းဖို့ ငြင်းဆန်ပြီး ထိပ်တိုက်ရင်ဆိုင်ရေးနဲ့ အလုံးစုံပျက်သုဉ်းရေးကို ရွေးချယ်ခဲ့တဲ့ NLD ရဲ့ လုပ်ဆောင်မှုဟာ အကျိုးဆက်အနေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာကို သတိပြုသင့်ပါတယ် မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ CRPH ၊ NUG နဲ့ PDF တွေက လူငယ်တွေကို အကြမ်းဖက်သမားတွေနဲ့ လူသတ်သမားတွေအဖြစ်ကို တွန်းပိုခဲ့နေတယ်လို့ ရေးသားထားပါတယ်။

နွေဦးတော်လှန်ရေးအတွင်းမှာ စစ်တပ်ကတရားမဲ့ သတ်ဖြတ်ခဲ့တဲ့ ပြည်သူတစ်ထောင်ကျော် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖော်ပြထားတာမရှိပေမယ့် သူတို့ရဲ့လက်အောက်ခံတွေနဲ့ သတင်းပေးဒလန်တွေကို တော်လှန်ရေးအင်းအားစုတွေက ရှင်းလင်းခဲ့တာနဲ့ပတ်သက်ပြီး အကြမ်းဖက်လုပ်ရက်တွေလို့ စွပ်စွဲထားပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းရှုတ်ချပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။