Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ (၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာသား (၃) ဦးကို အကြမ်းဖက်စစ်တပ် နှိပ်စက်သတ်လိုက်တယ်လို့ ဒေသခံတစ်ဦးက သတင်းပေးပို့ ပြောဆိုပါတယ်။

မနေ့နေ့လည်ပိုင်းက အကြမ်းစစ်စစ်သား ၂၀၀ နီးပါးက မင်းတိုင်ပင်ရွာ အတွင်းကို ဝင်ရောက်လာပြီး အထက်တန်းကျောင်းထဲမှာ တပ်စွဲကာ ရွာသူရွာသားတွေကို ဖမ်းဆီးနှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။

“အိမ်တွေကို မီးရှို့မယ်ဆိုပြီး ဓာတ်ဆီတွေလောင်းတယ်၊ ပြီးတော့ အိမ်ထဲရှိတဲ့ ပစ္စည်းတွေ ဝင်ယူတယ်၊ ရိက္ခာတွေ၊ တန်ဖိုးရှိတဲ့ဟာတွေ သူတို့ကြိုက်တဲ့ပစ္စည်းတွေဆိုရင် အကုန်ယူတာ၊ ကားနဲ့ကိုသယ်သွားတာ၊ ပြည်သူတွေလဲ ထွက်ပြေးနေကြရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အင်မထီးရွာ မှာ တပ်စွဲစခန်းချ နေရာယူထားပြီး အဲ့ဒီနေရာဟာ ပျူစောထီးတွေကို သင်တန်းပေးနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

မင်းတိုင်ပင်ရွာသား ၁၀၀ နီးပါးဟာ စာသင်ကျောင်းထဲမှာ ဖမ်းဆီးနှိပ်စက်ခံနေပြီး ကျောင်းအနီးမှာရှိတဲ့ ရေစင်ပေါ်ကနေ စနိုက်ပါ၊ လက်နက်ကြီးတွေနဲ့ ချိန်ပြီး စောင့်ကြည့်နေတာပါ။

အကြမ်းဖက်စစ်တပ်ဟာ မွေ့တုံရွာ၊ ပန်းရွာ တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး တချို့ရွာတွေဆိုရင် မီးရှို့ဖျက်ဆီးတာ မခံရအောင် အကြမ်းဖက်စစ်တပ်ကို ငွေပေးရတာတွေရှိတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရွာသူရွာသားတွေ၊ နေအိမ်ဖောက်ထွင်းမီးရှို့ ဖျက်ဆီးခံရတဲ့အခြေအနေကို အတိအကျ မသိရသေးပါဘူး။