Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၄)

မြန်မာနိုင်ငံမှာ အခု ၂၀၂၂ ခုနှစ် အတွင်းမှာ ဆင်းရဲနွမ်းပါးသူ အခြေအနေ နှစ်ဆ တိုးပွားလာနိုင်တယ်လို့ ကမ္ဘာ့ဘဏ် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

စီးပွားရေး က လာမယ့် နှစ်အတွင်း ခိုင်ခိုင်မာမာ ပြန်လည်အားကောင်းလာတာ မရှိပါက ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေအပေါ်ဟာ သိသာစွာ ထိခိုက်တာတွေ ရှိလာမှာ ဖြစ်တယ်လို့ သူတို့က သတိပေး ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Covid-19 ရောဂါ မဖြစ်ပွားခင်ကာလထက် ဆင်းရဲနွမ်းပါမှု အခြေအနေဟာ နှစ်ဆဖြစ်ပွားနိုင်တယ်လို့ သူတို့က ခန့်မှန်းပြောကြားခဲ့ပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် မှာ မြန်မာနိုင်ငံအတွင်း လုပ်သားဈေးကွက် အပြောင်းအလဲများက ဆင်းရဲနွမ်းပါးမှု၊ ထိခိုက်လွယ်မှု နဲ့ စားနပ်ရိက္ခာ ဖူလုံရေးအပေါ် သိသာတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လက မြန်မာနိုင်ငံကို ရိုက်ခတ်လာခဲ့တဲ့ Covid-19 ရောဂါဟာ တိုင်းပြည်တွင်းမှာ ကူးစက်ပျံ့နှံ့တာ ဖြစ်ပွားခဲ့လို့ အဆင်းရဲဆုံးနဲ့ ထိခိုက်အလွယ်ဆုံး သူတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ခန့်အပ်ထားတဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ က အခုလို ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေ အားလုံးက ကြိုးပမ်းဆောင်ရွက်နေလို့ အခက်အခဲတွေကြားက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီအစည်းအဝေး မှာ သူက ချီးကျူးစကား ပြောဆိုလိုက်ပါတယ်။

“ပြည်တွင်းထုတ်ကုန်တွေကို၊ ပြည်ပတင်ပို့နိုင်ဖို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ခေါင်းဆောင်တွေက အခက်အခဲပေါင်းစုံကြား စနစ်တကျ စီမံဆောင်ရွက်ခဲ့ပြီး ဘက်စုံထောင့်စုံက ကြိုးစားဆာင်ရွက်ခဲ့လို့ နိုင်ငံအနေနဲ့ ထိုက်သင့်သလောက် တိုးတက်မှုရှိလာတယ်ဆိုတာ အားလုံးအသိပင်ဖြစ်တယ်။ တိုင်းပြည်အနေနဲ့ ပြည်တွင်းပြည်ပ အဖျက်အမှောက်တွေနဲ့ ရင်ဆိုင်နေရပြီး အဲ့ဒါတွေမရှိပါက အခုထက်ပိုပြီးတိုးတက်လာမှာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။