Spread the love

ရန်ကုန်၊ဖေဖော်ဝါရီ(၆)

ရခိုင်ပြည်နယ်၊ မောင်တောနယ်ဘက်မှာ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်တွေ နဲ့ ရက္ခိုင့်တပ်တော် (AA) တွေ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြရေးသားနေတဲ့ Maungdaw Daily News (DMG) ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၈ ခုနှစ်က စတင်ပြီး မြန်မာစစ်တပ် နဲ့ ရက္ခိုင့်တပ်တော် (AA) ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တာပြီး ၂၀၂၀ ခုနှစ်မှာ နှစ်ဖက်နားလည်မှုယူကာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပြီးနောက် အခုလဖေဖော်ဝါရီလ(၄)ရက်နေ့မှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် (AA) တပ်ဆွဲထားတဲ့ မောင်တောမြို့နယ်၊ မီးတိုက်ကျေးရွာ အနီးက စခန်းတစ်ခုကို မြန်မာစစ်တပ် ခမရ (၃၅၂) စစ်ကြောင်း က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရက္ခိုင့်တပ်တော် (AA) က ကင်းစောင့်ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို မြန်မာစစ်တပ်ဘက်ကလည်း သေဆုံးထိခိုက်တာတွေရှိနိုင်တယ်လို့ DMG သတင်းမှာရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ မောင်တောမြို့အနီးမှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အခုလိုထပ်မံတိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှုပျက်ပြားပြီး တိုက်ပွဲတွေပြန်လည် ဖြစ်ပွားလာနိုင်တယ်လို့လည်း ရေးသားထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမျိုးအဖြစ် ဆန္ဒရှိတယ်လို့ ULA/AA က ထုတ်ဖော်ပြောကြားဖူးတဲ့အတွက် အခုလိုတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာဟာ ရခိုင်ပြည်နယ်အတွင်း နယ်မြေအေးချမ်းသာယာရေးအတွက် စိုးရိမ်ရတဲ့အခြေအနေမျိုးကို သက်ရောက်နေတာဖြစ်ပါတယ်။