Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ပေါ်မှာတဲ့ ရဲစခန်း နဲ့ ထွေအုပ်ရုံး ကို ဝင်တိုက်ရာ အကြမ်းဖက်စစ်တပ်က ပြည်သူ့နေအိမ်ကို မီးရှို့အကာကွယ်ယူလို့ တိုက်ပွဲကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ဝင်တိုက်တဲ့အချိန် သူတို့က ပြည်သူ့နေအိမ် မီးရှို့တော့ ပြန်ဆုတ်ပေးလိုက်ရတာ၊

သူတို့ထိခိုက်ကျဆုံးတာတော့ မသိရသေးဘူး၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး” လို့ သူက ပြောကြားပါတယ်။

မနေ့ည (၁၀) နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင် တွေဖြစ်တဲ့ ကျားသစ်နက်တပ်ဖွဲ့၊ ဒေါင်းနက်တပ်ဖွဲ့၊ MPL၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ အကြမ်းဖက်စစ်တပ်က ပုလဲမြို့တောင်ပိုင်း၊ မြို့ဒေါင့်ရပ်ကွက်မှာရှိတဲ့ နေအိမ်တလုံးကို မီးရှို့ဖျက်ဆီးပြီး အကာအကွယ်ယူခဲ့တာပါ။

“တိုက်ပွဲက တစ်နာရီခွဲလောက်ကြာတယ်၊ နှစ်ဖက်ပိတ်မိသွားတော့ သူတို့က ပြည်သူ့နေအိမ်ကို မီးစရှို့တာ၊ အဲဒါကြောင့် ဆက်မတိုက်ပဲ ဆုတ်ပေးလိုက်ရတာ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က မီးရှို့နေလို့ ရဲစခန်းရှေ့ကနေ ကား၊ ဆိုင်ကယ်နဲ့ ဖြတ်မောင်းပြေးပြီး စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မယ့် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Zaw Moe Lwin