Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၇)

နိုင်ငံအတွင်းမှာ အခုလက်ရှိကြုံတွေ့နေရတဲ့ ဆူပူအကြမ်းဖက်မှုတွေ နဲ့ တည်ငြိမ်အေးချမ်းတာ မရှိတဲ့အတွက် တိုင်းရင်းသား ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာ ထိခိုက်စေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် က ဒီနေ့မှာ ပြောဆိုလိုက်ပါတယ်။

နိုင်ငံနဲ့ ပြည်သူအကျိုးကို မကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲစိတ် နဲ့ လွဲမှားစွာ ဆောင်ရွက်နေကြတဲ့ လုပ်ရပ်တွေကို တိုင်းရင်းသား ပြည်သူအားလုံးက အသိ၊ သတိနဲ့ သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး သတိပြုသင့်တယ်လို့ ဒီနေ့ (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာထည့်ထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ရှေ့ရေးဟာ ရင်လေးဖွယ်ရာကောင်းနေတဲ့အတွက် တိုင်းရင်းသား ပြည်သူအားလုံးက နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သူက ပြောဆိုထားပါတယ်။

တိုင်းရင်းသား ပြည်သူအားလုံးက ပင်လုံစိတ်ဓာတ် အရင်းခံကာ ချစ်ကြည် စည်းလုံးစွာနဲ့ နိုင်ငံတော်အစိုးရ နဲ့ အတူပူးပေါင်း လက်တွဲဆောင်ရွက် သွားကြဖို့ကိုလည်း သူက တိုက်တွန်းပြောကြားခဲ့ပါတယ်။