Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၇)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ ရဲကင်းက ရဲတပ်ကြပ် တစ်ဦးသေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တွေ မအူပင်မြို့နယ်အတွင်းက ဒေသခံအများအပြားကို ရမ်းသမ်းဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မလက်တိုရဲကင်းက အသတ်ခံရတဲ့ ရဲတပ်ကြပ်အဆင့် စောကြည်လွင် က လှိုင်းတာကျေးရွာသား။ သူက မလက်တိုရဲကင်းစခန်းမှာ တာဝန်ကျနေတာလေ။ လှိုင်းတာရွာကလွဲလို့ အခြားရွာတွေကိုဒုက္ခပေးခဲ့တဲ့ သူတစ်ယောက်လေ။

မလက်တိုရဲကင်းစခန်းကနေ မဲဇလီလမ်းဘက်သွားရင်းသေနတ်နဲ့ ပစ်သတ်ခံရတာ။ ခုတော့ စစ်ကောင်စီတပ်ကရမ်းသမ်းပြီး လိုက်ဖမ်းနေလို့ ဒေသခံအတော်များများဖမ်းခံရပြီး ထွက်ပြေးတိမ်းရှောင်နေရသူနေရတယ်။ အခုဆို ဖမ်းခံရတာ (၁၀) ယောက်ကျော်အထိ ရှိနေပြီ” လို့ မလက်တိုဒေသခံတစ်ဦးက C8News ကို အတည်ပြုဖြေကြားပါတယ်။

အသတ်ခံခဲ့ရတဲ့ ရဲတပ်ကြပ်ရဲ့ အစ်ကိုဖြစ်သူဟာ လက်ရှိအချိန်မှာ ရဲမှုးရာထူးနဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သူညီအသတ်ခံရတာနဲ့ ပတ်သက်ပြီး အူမြို့နယ်အတွင်းက ကျေးရွာတွေကို ကြိမ်းမောင်းတာတွေပါ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့နယ် က ရဲ နဲ့ စစ်ကောင်စီတပ်များက အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ထင်ကြေးတွေနဲ့ ဒေသခံအများစုကို လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်လို့ သိရပါတယ်။

ကိုအောင်ကြီး