Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ(၈)

၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်လုပ်ဆောင်နေပြီး ထုတ်လုပ်မှုရဲ့ (၉) ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊ လေစွမ်းအင် (Wind Energy) လို ပြန်ပြည့်မြဲ စွမ်းအင်အရင်းအမြစ်တွေက ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားတယ် လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦး က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီလ(၇)ရက်နေ့မှာ ကျင်းပတဲ့ ASEAN-India High Level Conference on Renewable Energy အစည်းအဝေးမှာ ” လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်နိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း ၁၃ ခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်တယ်” လို့ သူက ပြောဆိုခဲ့တာပါ။

စစ်ကောင်စီရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက နံနက် (၇) နာရီမှ ည (၁၁) နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှာ ဖြစ်တယ်လို့ စစ်ကောင်စီပိုင် သတင်းစာတွေက တစ်ဆင့် အသိပေးကြေညာထားပေမယ့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ကတော့ စီမံကိန်းတွေ ချမှတ်ပြီး အိမ်နီးချင်းနိုင်ငံတွေကို လျှပ်စစ်ဓာတ်အားရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

Photo-YESC

“Floating Solar စီမံကိန်းတွေ၊ Rooftop Solar စီမံကိန်းတွေ နဲ့ အသေးစား၊ အလတ်စား ရေအားလျှပ်စစ် စီမံကိန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနိုင်ငံတွေနဲ့လည်း လျှပ်စစ်ဓာတ်အားစနစ် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်” လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက ဆိုးရွားစွာလျှပ်စစ်ဓာတ်အားပျက်တောက်နေပေမယ့် စစ်ကောင်စီခန့်အပ်ထားတဲ့ လျှပ်စစ်ဝန်ကြီးကတော့ မဂ္ဂါဝပ် ၃၇၀ ထုတ်လုပ်နိုင်မယ့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း ၁၃ ခုကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သူက ပြောဆိုလိုက်ပါတယ်။

စစ်အာဏာသိမ်းတာ တနှစ်ပြည့်တဲ့နေ့မှာလည်း ကျောက်ပန်းတောင်းမြို့က အသက်(၃၃)နှစ်အရွယ် ကိုအောင်အောင် ဟာ လျှပ်စစ်မီးပုံမှန်ရရှိဖို့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြခဲ့ပါသေးတယ်။