Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

NLD ပါတီ ထောက်ခံသူ အကြမ်းဖက်သမားတွေလုပ်လို့ USDP ပါတီဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ အပြစ်မဲ့ပြည်သူတွေ ကျဆုံးသွားခဲ့ရတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး က ဒီနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေပါတီကော်မတီ ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားမှာ သူက အခုလိုပြောဆိုခဲ့တာပါ။

ဦးသန်းဌေး အပါအဝင် ပွဲကို တက်ရောက်လာသူ အားလုံးက ကျဆုံးကွယ်လွန်သွားခဲ့ရတဲ့ ပါတီဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့ အပြစ်မဲ့ပြည်သူတွေကို သတိရ ဝမ်းနည်းတဲ့ အနေနဲ့ (၂) မိနစ်ငြိမ်သက်ပြီး ဂုဏ်ပြုခဲ့ပါတယ်။

အခုလို နိုင်ငံရေး မတည်မငြိမ် ဖြစ်နေတဲ့ ကာလမှာ ပါတီဝင်တွေ အနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် လှုပ်ရှားသွားလာ နေထိုင်မှု အားလုံးဟာ အရေးပေါ်အခြေအနေ နဲ့ ကိုက်ညီအောင် စဉ်းစားလုပ်ဆောင်ရမှာဖြစ်ပြီး၊ လုံခြုံရေး နဲ့ ပတ်သက်လာရင်လည်း ဥပဒေက အတိအလင်းအပ်နှင်းထားတဲ့ ခုခံကာကွယ်ပိုင်ခွင့် ကို ထိရောက်စွာကျင့်သုံး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ သူက ပြီးခဲ့တဲ့ ဇန်နဝါရီလက သူက ပြောဆိုထားပါသေးတယ်။

ဖေဖော်ဝါရီလ (၇) ရက်နေ့ကအထိ အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၁၅၂၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ချက်အရ သိရပါတယ်။