Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်းမှာ ရှိတဲ့ PDF စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က အင်အား တစ်ထောင်ကျော်အသုံးပြုပြီး ထိုးစစ် ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း မှန်တောရွာအနီးမှာရှိတဲ့ Chinland Defense Force, Kalay-Kabaw-Gangaw တပ်စခန်းတစ်ခုကို အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီလ (၄) ရက်နေ့စတင်ကာ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခံနေရတာလို့ CDF- KKG က ပြောပါတယ်။

“ဖေဖော်ဝါရီလ (၄) ရက်နေ့ မနက်ပိုင်းမှာ မိမိတို့ တပ်စခန်းဘက်ကို ဟံသာဝတီရွာဘက်ကနေ အင်အား (၂၀၀) လောက်နဲ့ ထိုးစစ်ဆင်လာလို့ အသင့်ပြင်ဆင် စောင့်ကြိုနေပေမယ့် ညနေပိုင်းမှာ ကမ်းပါးနီဘက်က တက်လာတဲ့ အကြမ်းဖက်စစ်သား ၁၀၀ လောက်က ရှေ့ပြေးစခန်းတစ်ခုကို ဝင်သိမ်းခံရတာ” လို့ သူက ပြောဆိုလိုက်ပါတယ်။

ရှေ့ပြေးတပ်စခန်းကို ဖေဖော်ဝါရီ (၅) ရက်နေ့မှာပဲ ပြန်လည်သိမ်းယူနိုင်ခဲ့ပေမယ့် စစ်ကောင်စီဘက်က နှစ်ဖက်ညှပ်တိုက်နေတဲ့အတွက် ရှေ့ပြေးစခန်းကို ထပ်မံစွန့်လွတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီ (၆) ရက်နေ့မှာ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီး ပူးပေါင်းအင်အား (၅၀၀) ကျော်က ထပ်မံထိုးစစ်ဆင်လာလို့ အသံမိုင်းတွေနဲ့ တားဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ (၇) ရက် မနက် (၁၀) နာရီကျော် အချိန်က ရန်ကြီးအောင်ကျေးရွာကနေ ကလေးမြို့ဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း ကား (၈) စီးကို CDF – KKG, PDF – Kalay, CNDF, RKDF, ပကဖ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၉) ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ (၇) ရက် တိုက်ပွဲအတွင်းမှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တပ်ဖွဲ့ဝင် ဆလိုင်းလားတန်ပီး (၁၉ နှစ်) ကလည်း လက်နက်ကြီး ထိမှန်ကျဆုံးခဲ့ပြီး တခြား ရဲဘော် (၅) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Zaw Moe Lwin