Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)

နွေဦးတော်လှန်ရေး နဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ တော်လှန်မှု ပုံစံမျိုးစုံက အားမကျသွားဘဲ လူထုဟာ တောင့်ခံတွန်းလှန် နေကြဆဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က သုံးသပ်ပြောဆိုလိုက်ပါတယ်။

“အခုဆိုရင် ကျနော်တို့ ခုခံကာကွယ်စစ်ဟာလည်း အတော်လေးခရီးရောက်နေပြီဖြစ်သလို မြို့ကြီးတွေရော ကျေးလက်ပါ မကျန် ပြည်သူတွေရဲ့ တော်လှန်မှုပုံစံမျိုးစုံကလည်း အားမကျသွားဘဲ လူထုဟာ တောင့်ခံတွန်းလှန် နေကြဆဲ ဖြစ်တာမို့ မဝေးတော့တဲ့ အောင်မြင်မှုတွေအတွက် ကျွန်တာ်တို့ ရေကုန်ရေခမ်း တိုက်ပွဲဝင်သွားကြရအောင်” လို့ (၄၂)ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးကတစ်ဆင့် သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တော်လှန်ရေးကာလဖြစ်တဲ့ အခုအချိန်မှာ နေ့စဉ်နဲ့အမျှ စိတ်မချမ်းမြေ့စရာ အခြေအနေတွေကို ကြားသိနေရသလို တစ်ဘက်ကလည်း စိတ်အားတက်စရာ အခြေအနေတွေကို ကြားရပြန်တယ်လို့ သူက ပြောပါတယ်။

“တကယ်‌တော့ လူတစ်စု အာဏာရူးပြီး စတင်လုပ်ဆောင်လိုက်တဲ့ အာဏာသိမ်းပွဲမှာ ပေးဆပ်လိုက်ရတဲ့ အသက်တွေ ဘဝတွေအတွက် နေ့စဉ်စိတ်မကောင်းဖြစ်စွာနဲ့ပဲ ကျွန်တော်တို့ တော်လှန်ရေးကြီး အောင်အောင်မြင်မြင်နဲ့ အဆုံးသတ်နိုင်ဖို့ ကျွန်တော်တို့ အားစိုက်ကြိုးစားနေပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

NUG အနေနဲ့လည်း အကြမ်းဖက်တာကို နည်းမျိုးစုံနဲ့ ခံနေရတဲ့ ပြည်သူတွေအတွက် တော်လှန်ရေး အင်အားစုများနဲ့ အတူတကွ ပုံစံမျိုးစုံနဲ့ ဆက်လက်တော်လှန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က နိုင်ငံအတွင်းမှာ အခုကြုံတွေ့နေရတဲ့ ဆူပူအကြမ်းဖက်မှုတွေ နဲ့ တည်ငြိမ်အေးချမ်းတာ မရှိတဲ့အတွက် တိုင်းရင်းသား ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို များစွာ ထိခိုက်စေတယ်လို့ သူက ဖေဖော်ဝါရီ (၇) ရက်နေ့က ပြောဆိုခဲ့ပါတယ်။

နိုင်ငံနဲ့ ပြည်သူအကျိုးကို မကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲစိတ် နဲ့ လွဲမှားစွာ ဆောင်ရွက်နေကြတဲ့ လုပ်ရပ်တွေကို တိုင်းရင်းသား ပြည်သူအားလုံးက အသိ၊ သတိနဲ့ သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန်ပေါ် ရောက်ရှိရေး သတိပြုသင့်တယ်လို့ (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာထည့်ထဲမှာ အာဏာသိမ်း စစ်ခေါင်းဆောင် က အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။