Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ(၉)

မြန်မာအစိုးရဟာ ပြည်သူတွေရဲ့ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိ ဆိုတဲ့ခံယူချက်နဲ့ တရုတ်၊ အိန္ဒိယနဲ့ ရုရှား နိုင်ငံတှေ အပါအဝင် ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ရရှိအောင်ဆောင်ရွက်ပေးခဲ့သလို ကိုဗစ်ကာလအတွင်း နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား (၉၇,၀၀၀) ကို နေရပ်ပြန်ခေါ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့က သံတမန်တွေ၊ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံတဲ့ ဇန်နဝါရီလ (၈) ရက်နေ့မှာ သူက အခုလိုပြောဆိုလိုက်တာပါ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရဲ့ဗဟို၊ ပြည်နယ် နဲ့ တိုင်းဒေသကြီးအဆင့် အုပ်ချုပ်မှု အဆင့်ဆင့်တိုင်းမှာ တိုင်းရင်းသားကိုယ်စားပြုသူတွေ၊ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေ နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက် စစ်ဘက်အုပ်ချုပ်ရေး မဟုတ်ဘူးလို့ သူက ပြောဆိုခဲ့ပါသေးတယ်။

Photo-နိုင်ငံခြားရေးဝန်ကြီးဌာန


PDF၊ NUG နဲ့ CRPH ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ်သူက ပြောဆိုခဲ့ပြီး UNCTED၊ ACCT ၊ ASEANAPOL နဲ့ INTERPOL က စစ်ကောင်စီ နဲ့ ပူးပေါင်းပါဝင်ကြဖို့ သူကတောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာဖို့၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ် တိုက်ဖျက်သွားဖို့၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပါတီစုံဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်သွားဖို့ စီစဉ်ဆောင်ရွက်နေတဲ့ အကြောင်းကိုလည်း သူကပြောဆိုခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။