Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၉)

နိုင်ငံတော်အကျိုးကို အခုချိန်မှာ မျက်မြင် အကောင်အထည်ဖော်နေတဲ့ တရားဝင် အစိုးရ၊ တပ်မတော်ရဲ့ တရားဝင်သဘောထား တရားဝင်ဖိတ်ခေါ်ချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်တဲ့ပွဲကို နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို လက်တွေ့သယ်ပိုးဖို့ အားသန်နေကြသူတွေ တက်ရောက်ဆွေးနွေးကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဌေး က စည်းရုံးပြောဆိုလိုက်ပါတယ်။

“မငြိမ်းချမ်းတဲ့အခါ မျက်ရည်ပင်လယ်ဝေ ပျော်ရွှင်မှုတွေပျောက်ဆုံး မီးခိုးယမ်းခိုးတွေသာ ဖုံးလွှမ်းခဲ့သလို သက်ဆိုင်သူတွေ ညှိနှိုင်း နားလည် လက်နက်တွေ ဘေးဖယ်ထားနိုင်တဲ့ ကာလတွေမှာတော့ အေးချမ်းမှု ပြည့်စုံမှု ပျော်ရွှင်မှုတွေ အံ့မခန်းခံစားခဲ့ရတာ လက်တွေ့မျက်မြင်ပါ ၊ တကယ်လုပ်ရင် အဟုတ်ဖြစ်ခဲ့တဲ့သာဓကပါ” လို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေး နဲ့ သက်ဆိုင်သူ stake holder အားလုံး အစဉ်တစိုက် ပြောလေ့ တောင်းဆိုလေ့ရှိတာတွေက ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရေး၊ စစ်ရေး နည်းလမ်းအစား စားပွဲဝိုင်းမှာ ညှိနှိုင်းအဖြေရှာရေး တွေဖြစ်ပြီး “အခုဖိတ်ခေါ်ချက်က အဲဒီလိုလားချက်တွေကို တည့်တည့်ကြီး အာမခံချက် ပေးလိုက်တယ် မြင်မိပါတယ်။” လို့ သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်း တပ်မတော် က သူဦးဆောင်ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မဖိတ်ခေါ်ဘဲ ချန်လှန်ထားပါတယ်။

အခုချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေကို NUG အစိုးရကသာ အဓိက ရှင်းပေးနိုင်မှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုထားပါတယ်။

အာဏာသိမ်း တပ်မတော်က ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားချက်စာကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကို တရားဝင်ပေးပို့လာတာ မရှိသေးဘူးလို့ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

မတရားအာဏာသိမ်းဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်းမှာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစရာ ဘာအကြောင်းမှ မရှိတော့ဘူးလို့ သတ်မှတ် ဆုံးဖြတ်ထားတဲ့ တိုင်းရင်းသားအဖွဲ့တွေလည်း ရှိနေပါတယ်။