Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တပ်ရင်း (၉) ဘက်ကနေ ကင်းလှည့်လာတဲ့ စစ်ကားတစ်စီး ဒီနေ့ မနက် (၅) နာရီကျော်က အဝေးထိန်းဗုံး (၂) လုံး နဲ့ တိုက်ခိုက်လိုက်တယ်လို့ From Zero To Hero အဖွဲ့က ပြောပါတယ်။

“ပေါက်ကွဲမှု ပြင်းတဲ့အတွက် မောင်းနှင်လာတဲ့ကား အစိတ်အပိုင်းတချို့ ထိမှန်ပျက်စီးခဲ့တယ်” လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တောင်ပေါ်မြေပြန့် တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ဖို့ အထင်အရှားရှိနေခဲ့ပြီး အာဏာရူးတွေ ကျဆုံးခန်းတိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

“ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ အဝေးကနေ ရှောင်ရှားသွားကြဖို့ လိုအပ်တယ်” လို့ သူတို့က သတိပေးပြောကြားထားပါတယ်။

ဖောက်ခွဲမှုကို From Zero To Hero(ZTH) နဲ့ Black Eagle Ranger (BER) က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီနေ့ မနက်အစောပိုင်း (၄) နာရီခွဲကျော်က တော်လှန်ရေးအင်အားစုနှစ်ခုက ပူးပေါင်းပြီး ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော (၄) လမ်းထဲမှာရှိတဲ့ ဒလန်မိသားစုကို သတိပေးတဲ့အနေနဲ့ လမ်းထိပ်မှာရှိတဲ့ Mytel Tower မီးစက်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။