Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၂)

အာဏာသိမ်း စစ်ကောင်စီက ဦးဆောင် ကျင်းပပေးမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိတဲ့ နိုင်ငံရေး ပါတီများသာ ပါဝင်ယှဉ်ပြိုင် ထမ်းဆောင်ခွင့်ရရှိရေး ကိစ္စရပ်တွေကို အကျယ်တဝံ့ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီးဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထုကို လမ်းမှန် ပို့ဆောင်ဖို့ တာဝန်ရှိကြပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို စံနမူနာပြ လိုက်နာဖို့၊ အနာဂတ်ပါတီစုံ နိုင်ငံရေး ဥပဒေ စည်းကမ်းတွေကို တိကျစွာလိုက်နာဖို့လိုတယ်လို့ မိတ်ဖက်နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌ ဦးသန်းဋ္ဌေး က အခုလို ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်နေတဲ့ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးလုပ်ငန်းတွေမှာ ကျရာကဏ္ဍကနေ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတော်တည်ဆောက်ရေးမှာ တူညီတာတွေကို ပူးပေါင်းဆောင်ရွက်ပြီး မတူညီတာတွေကိုလည်း ညှိနှိုင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

တိုင်းရင်းသားတွေ ချစ်ကြည်စည်းလုံးဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက် အထောက်အပံ့ပြုဖို့လိုသလို ရွေးကောက်ပွဲမတိုင်မီကာလတွေမှာ မဲဆန္ဒရှင် ပြည်သူတွေနဲ့ စဉ်ဆက်မပြတ် ထိတွေ့နိုင်ဖို့ကိုလည်း လုပ်ဆောင်သင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်း ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ရှိနေဆဲပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

NLD ပါတီ ဟာ ဆက်လက်တည်ရှိနေပေမယ့်လည်း ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒုဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် ပါတီတွင်း တာဝန်ရှိသူအများစုကို အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးပြီး ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။