Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၄)

ပညာရေးဝန်ထမ်းတွေရဲ့ (၈၀) ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေ ဖြစ်တဲ့အတွက် အများစုက ရှက်တတ် ကြောက်တတ်ကြတဲ့အခါကြတော့ ဒါကိုအခွင့်ကောင်းယူ အသုံးချပြီး အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက်၊ အနိုင်ကျင့်နေတာမျိုးတွေ ရှိနေလို့အတွက် ကာကွယ် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည်ထမ်းဆောင်လိုတဲ့ ဝန်ထမ်းတွေရှိပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ခွင့်ပြုဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ တွေ့ဆုံပွဲမှာ သူက ပြောကြားခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့ဝင်တွေက ပြည်သူထောင်ပေါင်းများစွာ ကို ဖမ်းဆီး၊ ညှင်းပန်းနှိပ်စက်၊ သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပြီး အဲ့ဒီထဲမှာ ပညာရေးဝန်ထမ်းတွေလည်း ပါဝင်နေရဆဲ ဖြစ်ပေမယ့် စစ်ခေါင်းဆောင်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပညာရေးဝန်ထမ်းတွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေက လေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေး တိုက်တွန်းဆောင်ရွက် ပေးကြဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။

ပညာသင်ကြားရေး နဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေကို ပညာအရည်အချင်း အလိုက် ချီးမြှင့်ငွေတွေ ချီးမြှင့်ပေးနေသလို ဆက်လက်ပြီးလည်း ချီးမြှင့်ပေးသွားမှာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအနေနဲ့လည်း စာသင်ကျောင်းတွေ အားလုံးပြန်လည် ဖွင့်လှစ်နိုင်ရေး အားပေးကူညီ ဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ပညာရေးဝန်ထမ်း (၃၁၀) ဦးကို (၂) နှစ်ရာထူးတိုး ရပ်ဆိုင်းပြီး မူလရာထူးတွေမှာ ပြန်လည်ခန့်အပ်ခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၀၆၊ ၂၂၀ နဲ့အညီ အယူခံတင်ပြနိုင်ပြီး အယူခံတင်ပြလာတဲ့အထဲက ဝန်ထမ်း (၃၁၀) ဦးကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ အခန်း (၁၁)၊ ပုဒ်မ (၅၃)၊ ပုဒ်မခွဲ (ဂ) အရ ရာထူးတိုး (၂) နှစ် ရပ်ဆိုင်းပြီး မူလရာထူးတွေနဲ့ သင့်တော်တဲ့ တက္ကသိုလ်တွေမှာ ပြန်လည်ခန့်အပ်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။