Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၁၈)

အခုချိန်မှာ မိမိအနေနဲ့ လက်တွေ့ပါတဲ့ ဆောင်ရွက်မှုတွေကို ပြည်သူတွေအကျိုးအတွက် ဖော်ဆောင်ပေးနေတာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

ပြည်သူတွေရဲ့ အကျိုးကိုဆောင်ရွက်သူတွေကိုသာ ပြည်သူတွေအနေနဲ့ လိုလားကြပြီး လက်တွေ့ပါတဲ့ စည်းရုံးရေးက ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေကာ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ဖို့၊ ပညာရေး နဲ့ ကျန်းမာရေး အကျိုးတွေကို ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

မိမိအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ချိန်ကစတင်ကာ အခုအချိန်အထိ တပ်မတော်အတွင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးနဲ့ တပ်ပိုင် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို တပ်မတော်သားတွေအတွက် လိုအပ်တဲ့ နေထိုင်ရေးနဲ့ စားသောက်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း တတ်နိုင်သမျှဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့တယ်လို့ မိုင်းပျဉ်းတပ်နယ်မြေ တွေ့ဆုံပွဲမှာ သူက အခုလို ပြောဆိုခဲ့ပါတယ်။

တပ်မတော်က လွတ်လပ်ရေး ရရှိချိန်ကစတင်ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံရဲ့သမိုင်းနဲ့အတူ အမျိုးသားနိုင်ငံရေးကို ဒွန်တွဲဆောင်ရွက်နေတာဖြစ်တဲ့အတွက် တပ်မတော်ကို နိုင်ငံရေးအရ အသုံးချ မခံရဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

Photo- CINCDS

စစ်ခေါင်းဆောင်က မိုင်းပျဉ်းတပ်နယ်မြေ တွေ့ဆုံပွဲပြုလုပ်ခဲ့တဲ့နေ့မှာပဲ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တချို့ကျဆုံးတာတွေရှိခဲ့သလို ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာလည်း မနေ့ မနက်အစောပိုင်းထဲက တိုက်ပွဲတွေ ပြန်လည်ပြင်းထန်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တချို့ ကျဆုံးတာတွေရှိခဲ့ပါတယ်။