Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၁)

မိုးဗြဲမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေလို့ အကြမ်းဖက် စစ်ကောင်စီက စစ်လက်နက်၊ ရိက္ခာ၊ စစ်အင်အားတွေ ဖြည့်တင်းပေးနေသလို လေကြောင်းကနေလည်း စစ်ကူပေးနေတယ်လို့ PDF Loikaw က ပြောပါတယ်။

(၅) ရက်ကျော်ကြာမြင့်နေပြီဖြစ်တဲ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူ အများအပြားရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမိန့်အရ အာဏာရှင်လူကြီးတွေရဲ့ အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် အသက်ကို အရှုံးခံပြီး စစ်ကြောင်းထိုးနေဆဲ ဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မနေ့ မနက်ပိုင်းကနေ ညပိုင်းအထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်၊ ဝါရီဆူးပလိုင်ရွာနဲ့ ဝီတဲကူးကျေးရွာ အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ညနေပိုင်းကလည်း တိုက်ပွဲဖြစ်ပွားရာ နေရာအနီးဝန်းကျင်ကို ရဟတ်ယာဉ် (၂) စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။