Spread the love

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၂)

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အတွင်းမှာရှိတဲ့ ပျူစောထီးရွာ (၅) ရွာက ကုန်စည်တွေ ရောင်းဝယ်တာ၊ သယ်ဆောင်တွေ မပြုလုပ်ဖို့ (၅) မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ဒီနေ့မှာ သတိပေး ကြေညာလိုက်ပါတယ်။

ပျူစောထီးအများစုရှိတဲ့ သလဲဘာကျေးရွာ၊ ငွေတွင်းကျေးရွာ၊ စပါးတွင်းကျေးရွာ၊ ဆိပ်ဖူးကြီးကျေးရွာ၊ ဆင်တလည်ကျေးရွာက ကုန်စည်တွေကို မည်သူမျှ သယ်ဆောင်ပေးတာ မပြုဖို့ တားမြစ်လိုက်တာ ဖြစ်ပါတယ်။

ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေအနေနဲ့ ပျူစောထီးရွာ (၅) ရွာက ကုန်ပစ္စည်းတွေ သယ်ဆောင်ပေးတာ၊ ရောင်းဝယ်ပေးတာတွေ ပြုလုပ်ပါက ကုန်ပစ္စည်းတွေနဲ့အတူ ယာဉ်ကိုပါ ပြည်သူပိုင်အဖြစ် သိမ်းဆည်းမှာဖြစ်သလို ယာဉ်ပိုင်ရှင်ကိုပါ Social Punishment ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ (၂၁) ရက်က စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာက Light Truck တစ်စီးဟာ ပျူစောထီးတွေရဲ့ ကွမ်းခြင်းတွေကို တင်ပို့ရောင်းချဖို့ ကြိုးစားလို့ ဖမ်းဆီးပြီး ပြည်သူပိုင်သိမ်းဆည်းခဲ့သလို ဖေဖော်ဝါရီ (၉) ရက်နေ့ကလည်း ပျူစောထီးတွေရဲ့ ပဲစင်းငုံ ၃၂ တင်းကို သိမ်းယူခဲ့ပါသေးတယ်။

ပျူစောထီးတွေဟာ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူတွေ စိုက်ပျိူးထုတ်လုပ်ထားတဲ့ ဒေသထွက်ကုန်တွေရဲ့ ထက်ဝက်ကို ဆက်ကြေးအဖြစ် သိမ်းယူကာ စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။