ရန်ကုန်၊ဖေဖော်ဝါရီ(၂၂)
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ကမာကဆစ်ဈေးလမ်းမှာ စစ်တပ်နဲ့ဆက်နွယ်သူနဲ့ မိတ်ဆွေဖြစ်သူတွေ လဘက်ရည်ဆိုင်က ပြန်လာချိန် အမည်မသိသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ တစ်ဦးကျည်ထိမှန်ပြီး ဆေးရုံပို့ဆောင်ထားရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
“မနေ့ကညနေ (၆) နာရီကျော်လောက်က ဈေးနားက ပွင့်သစ်စလက်ဘက်ရည်ဆိုင်က ပြန်လာတုန်း အပစ်ခံရတာ၊ ကိုအောင်ကိုဦး၊ ကိုယဉ်လတ်နဲ့ ကိုဒေးဗစ် တို့ (၃) ယောက်ကို ပစ်တာ၊ အောင်ကိုဦး လည်ပင်းကို ကျည်ထိသွားတယ်လို့ကြားတယ်၊ ဆေးရုံပို့ထားရတယ် အခြေအနေမကောင်းဘူးကြားတယ်” လို့ ဒလမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့လည်းဆိုတာ ထုတ်ပြန်ထားခြင်းမရှိသလို ပစ်ခတ်ခံရသူတွေဟာ စစ်တပ်နဲ့ ဆက်နွယ်သူတွေ ဟုတ်၊ မဟုတ်ဆိုတာကိုလည်း သီးခြားအတည်ပြုလို့မရသေးဘူး။
မိတ်ဆွေ (၃) ဦး အတူတကွ ပြန်လာချိန်မှာ ပစ်ခတ်ခံခဲ့ရပေမယ့် ကိုအောင်ကိုဦး တစ်ဦးထဲကို သာကျည်ထိမှန်ခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးမှာ ကျည်ဆံထိမှန်ခဲ့ခြင်းမရှိဘူးလို့ ဒေသခံပြည်သူတွေဆီက ပြောပါတယ်။