Spread the love

ရန်ကုန်၊ မတ် (၁)

ဆရာဝန်တွေ၊ သူနာပြုတွေအနေနဲ့ ဘယ်အခြေအနေမျိုးပဲ ကြုံတွေ့ပါစေ လူနာတွေကို တာဝန်မဲ့ စွန့်ခွာသွားတာမျိုး မပြုလုပ်ဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ပြောပါတယ်။

“သူနာပြု မိခင်ကြီး ဖလောရင့်စ် နိုက်တင်ဂေးလ်၏ စိတ်ဓာတ်၊ မြန်မာနိုင်ငံမှ ဖလောရင့်စ် နိုက်တင်ဂေးလ် ဆုရရှိခဲ့သည့် သူနာပြု (၄) ဦးတို့ကို စံပြုထား၍ ကိုယ်ကျိုးစွန့်ပြီး လူနာများ၏ အသက်အန္တရာယ်များကို ကာကွယ်ပြုစု စောင့်ရှောက်ပေးရမည် ဖြစ်ပါကြောင်း” မနေ့က ပြုလုပ်ခဲ့တဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးမှာ သူက အခုလိုပြောဆိုခဲ့တာပါ။

စစ်တပ်က မတရား အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားသွားအောင် စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လို့တဲ့ ဆရာဝန်တွေဟာ CDM ပြုလုပ်ကာ စစ်အာဏာရှင်ကို တွန်းလှန် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

စစ်ကောင်စီခန့် ကျန်းမာရေးဝန်ကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲက CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ CDM ဆရာဝန်တစ်ဦးကလည်း အခုလို တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

CDM ပြုခဲ့တဲ့ ဆရာဝန်တွေဟာ စစ်အုပ်ချုပ်ရေး ယန္တရား၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှု လက်အောက်ကနေ လွတ်အောင် ထွက်ပြေးကြတာဖြစ်ပြီး အခုချိန်အထိ ရောက်တဲ့နေရာမှာ ပုံစံမျိုးစုံနဲ့ လူနာတွေကို ဆေးကုသပေးနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆရာဝန် အားလုံးအနေနဲ့ တွေးရင် သူတို့အုပ်ချုပ်မှုအောက်ကပဲ ပြေးလာတာလေ လူနာတွေကို မကုပေးတော့တာမှ မဟုတ်တာ။ အခုပြေးလာတဲ့ ဆရာဝန်တွေကလည်း သူတို့ရောက်တဲ့နေရာမှာ ဆက်ပြီးတော့ ပုံစံမျိုးစုံနဲ့ ဆေးကုပေးနေတာပဲ။ ကိုဗစ်တတိယလှိုင်းတုန်းကလည်း ကုပေးတဲ့ဆရာဝန်တွေ အောက်ဆီဂျင်တွေနဲ့အတူ ဖမ်းတောင်ဖမ်းခံထိတာလေ။ လူနာကို ဆေးမကုပေးတာ မဟုတ်ဘူး။ သူတို့လက်အောက်မှာပဲ မနေတာပဲရှိတာ။ တာဝန်ဝတ္တရား ပျက်ကွက်သွားတာလဲ မဟုတ်ဘူး။ CDM လုပ်တယ်ဆိုတာ သူတို့ရဲ့ ယန္တရားထဲကပဲ ထွက်သွားတာပါ။ ဆရာဝန် အလုပ်ကို ရပ်လိုက်တာ မဟုတ်ဘူး။ ” လို့ သူက C8News ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့အထိ CDM ဆရာဝန်တွေကို လိုက်လံ ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးဝန်ထမ်း (၂၈၆) ဦးကို ဖမ်းဆီးခဲ့သလို (၃၀) ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ Physicians for Human Rights ရဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် ဆရာဝန်တွေ၊ သူနာပြုတွေ လိုအပ်ချက် ရှိနေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနဟာ သူနာပြုအသစ် (၆၈၄) ဦး နဲ့ သားဖွားဆရာမအသစ် (၁၆၅) ဦးကို သင်တန်းပေးကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့က အလုပ်တာဝန်တွေကိုပါ ခွဲဝေခန့်အပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။