Spread the love

ရန်ကုန်၊ မတ် (၅)

ဒီနေ့ မနက် (၆) နာရီဝန်းကျင်က ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်သား (၅) ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ Civic Defense Militia -CDM -Siyin က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်မှု တစ်နာရီခွဲကျော်ကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ဒဏ်ရာရှိသူ အနည်းငယ်ရှိခဲ့တယ်လို့ ဒီနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ရိခေါ်ဒါရ်တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF- Zaland, CDM- Siyin, CNDF, CNA, CDF- Huaingo တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ဟားခါးမြို့ကို ရိက္ခာပို့တဲ့ အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို (၃) ရက်အတွင်း မိုင်းဆွဲတိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၆၁) ဦးသေဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် CNO ဆီက သိရပါတယ်။

ဖေ‌ဖော်ဝါရီ (၂၈) ရက်နေ့က ဖလမ်းမြို့၊ လုံးရန်ရပ်ကွက်နဲ့ တားလ်ကျေးရွာကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၁၁) ဦးဝန်းကျင် သေဆုံးခဲ့ပါတယ်။

မတ် (၂) ရက်နေ့က ဖလမ်းမြို့နယ်၊ တားလ်ကျေးရွာနဲ့ တလန်ဇာရ်ကျေးရွာကြားမှာ မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၃၀) ဦးဝန်းကျင် သေဆုံးခဲ့တာပါ။

မနေ့ကလည်း ဖလမ်းမြို့ နယ်၊ ရမ်ထလိုကျေးရွာနဲ့ ဒေါက်ထက်ကျေးရွာကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၂၀)ကျော် ထပ်မံ သေဆုံးခဲ့ပါတယ်။