Spread the love

ရန်ကုန်၊မတ်(၅)

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဦးနန်းတင် နဲ့ ဒလန်လို့ လူပြောများနေတဲ့ ဦးဌေးမောင် တို့ မနေ့ညပိုင်းမှာ သေနတ်ပစ်ခံရတဲ့အတွက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ည(၈)နာရီကျော်လောက်က အပစ်ခံရတာ၊ အုပ်ကြီးနဲ့ ဒလန်ကောင်ပေါင်းပြီး ရွာကို ဒုက္ခပေးနေတာကြာပြီ၊ စစ်ခွေးတွေခေါ်ခေါ်ပြီး ရွာထဲကလူငယ်တွေ၊ သူတို့နဲ့ အဆင်မပြေတဲ့လူတွေကို စစ်ဆေးတယ်ဆိုပြီး ရိုက်နှက်တတ်တယ်၊ အုပ်ကြီးတပည့်ဒလန်ဌေးမောင် က အဆိုးဆုံးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အုပ်ချုပ်ရေးမှူး ဦးနန်းတင် နဲ့ ဒလန်ဌေးမောင် ကို ရှင်းလင်းခဲ့တဲ့အကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

“ကျွန်ပ်တို့ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့မှ သေချာစုံစမ်းကာ ဦးနန်းတင်နှင့် အပေါင်းပါလူတစုသည် ပြည်သူများအပေါ် အမှန်တကယ် အကြိမ်ကြိမ် ဒုက္ခပေးအနိုင်ကျင့်မှုများ ထင်ရှားသောကြောင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုး ဒလန်အကြီးစား ဦးနန်းတင်နှင့် ဒလန်ဦးဌေးမောင်တို့အား ၄-၃-၂၀၂၂ ည (၈:၃၀မိနစ်)ခန့်က သုတ်တင်ရှင်းလင်း၍ ငရဲပြည်သို့ပို့ဆောင်ပေးခဲ့ပါသည်” လို့ ထုတ်ပြန်ခဲ့ပါတယ်။