Spread the love

ရန်ကုန်၊မတ်(၅)

ယူကရိန်းဘက်ကနေ ပါဝင်တိုက်ခိုက်ပေးမယ့် နိုင်ငံတကာ စေတနာ့ဝန်ထမ်းတွေကို ဖမ်းမိရင် စစ်သုံပန်းအခွင့်အရေးရမှာ မဟုတ်ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

“အဲဒီကြေးစားစစ်သားတွေဟာ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရမှာ ဖြစ်တဲ့အတွက် ကိယက်ဗ်အစိုးရ အတွက် စစ်တိုက်ပေးဖို့ အစီအစဉ်မဆွဲခင်မှာ အကြိမ်ကြိမ်အဖန်ဖန် စဉ်းစားပါလို့ နိုင်ငံခြားသားတွေအားလုံးကို ကျွန်တော်တို့ တိုက်တွန်းအကြံပေးချင်ပါတယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ကိုနာရှန်ကော့ဗ် က ပြောပါတယ်။

ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ ရုရှားက ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တာကို ရှုတ်ချတဲ့အကြောင်းနဲ့ ကျူးကျော်ခံနေရတဲ့ ယူကရိန်းနိုင်ငံရဲ့ အခြေအနေတွေ၊ ရေးသားဖော်ပြနေတာနဲ့ ပတ်သက်ပြီး သတင်းမီဒီယာဥပဒေအသစ်ကို ရုရှားအစိုးရ က ထုတ်ပြန်လိုက်ပါသေးတယ်။

ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းမှား ထုတ်ပြန်ဖော်ပြခြင်းအတွက် ထောင်ဒဏ် (၁၅) နှစ်အထိ ချမှတ်မယ်လို့ ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။

ရုရှားသမ္မတ ‘ဗလာဒီမီယာပူတင်’ က အဲဒီထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီးနောက် ရုရှားနိုင်ငံမှာရှိတဲ့ BBC, CNN, Bloomberg သတင်းဌာနတွေဟာ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ရုရှား ရဲ့ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ဖို့အတွက် ပြည်ပနိုင်ငံတွေက စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေးသမား (၁၆၀၀၀) ထက်မနည်း ယူကရိန်းနိုင်ငံကို ထွက်ခွါလာနေပြီ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီ က မနေ့က ထုတ်ဖော်ပြောကြားထားပါတယ်။