Spread the love

ရန်ကုန်၊ မတ် (၆)

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ နဲ့ ကျောက်ဆည်ကန်အနီး မနေ့က တစ်နေ့ကုန် နီးပါးဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က (၃၅) ဦး ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးတာဝန်ခံက ဒီနေ့မှာ ပြောပါတယ်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ် DMO- Local PDF ဘက်က ရဲဘော် (၄) ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့လို့ CTU နည်းပညာလက်ရုံးရေတပ်က ဒရုန်း (၁) စင် ထိမှန်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်တပ်ဟာ ည (၉) နာရီ ဝန်းကျင်မှာ အပစ်မဲ့ပြည်သူတွေရှိရာ နေရာတွေကိုလည်း တာဝေးပစ်အမြှောက်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။

မနေ့က သေးဆူလဲကျေးရွာ နဲ့ ဒေါနော်ကူးကျေးရွာကြားကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆိုမြို့နယ်၊ KGZ တပ်တွေ ပူးပေါင်းပြီး ခုခံတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။