Spread the love

ရန်ကုန်၊ မတ် (၆)

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တိုက်ပွဲပေါင်း (၂၉၈) ကြိမ်ဖြစ်ပွားခဲ့လို့ အာဏာသိမ်းစစ်ကောင်စီတပ် နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဘက်က (၃၀၅) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရှိသူ (၂၀၉) ဦး ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။

ဖေဖော်ဝါရီလမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်က ရဲဘော် (၆) ဦး ကျဆုံးခဲ့ပြီး (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ် BGF တွေဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အချိန်အတွင်းမှာ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး အလုံး (၄၀၀) ကျော်နဲ့ ပစ်ခတ်ခဲ့သလို လေယာဉ်နဲ့လည်း ပစ်ခတ်တာတွေပြုလုပ်ခဲ့လို့ ပြည်သူ (၇) ဦး သေဆုံးခဲ့ရပြီး (၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ပြောပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်တွေ၊ နယ်ခြားစောင့်တပ် BGF တွေ၊ ဒေသခံတိုင်းရင်းသားတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေလို့ KNU – ဒူးသထူခရိုင် ၊ ညောင်လေးပင်ခရိုင် ၊ ဘိတ်/ထားဝယ်ခရိုင် ၊ မူတြော်ခရိုင် နဲ့ ဒူးပလာယာခရိုင်က အပစ်မဲ့ပြည်သူပေါင်း (၇၀၀၀၀) ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စာရင်းဇယားတွေအရ သိရပါတယ်။