Spread the love

ရန်ကုန်၊ မတ် (၈)

အာဏာသိမ်း စစ်ကောင်စီက ပြည်သူတွေကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ဖို့ သစ်တော၊ သတ္တု နဲ့ ကျောက်မျက်ရတနာ အပါအဝင် သယံဇာတပစ္စည်းတွေကို ထုတ်ယူရောင်းချပြီး သူတို့ရဲ့ အင်အားကို ဖြည့်တင်းနေတာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းတွေဖြစ်တဲ့ သယံဇာတ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေနဲ့ ပါဝင်ပတ်သက်သူ အားလုံးကို နည်းလမ်းမျိုးစုံ သုံးပြီး တားဆီးပိတ်ပင်ဖို့ လိုအပ်တယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ (NAB-NR) အစည်းအဝေးမှာ ဥက္ကဋ္ဌ ဖြစ်သူ မန်းဝင်းခိုင်သန်း က အခုလိုပြောကြားခဲ့ပါတယ်။

စစ်ကောင်စီအတွက် အထောက်အပံ့ ဖြစ်စေတဲ့ သယံဇာတ ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့် တားဆီးသွားနိုင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တော်လှန်ရေးအင်အားစုတွေ နဲ့ အချိတ်အဆက်မိမိ ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ သူက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့တက္ကသိုလ် က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ ဦးဝင်းမျိုးသူ က မြန်မာနိုင်ငံအတွင်းမှာ သယံဇာတတွေ အလွန်အကျွံ ထုတ်ယူသုံးစွဲနေတာနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က VOA သတင်းဌာနက မေးမြန်းထားတဲ့ အင်တာဗျူးမှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ခုကတော့ အားလုံးက ဥပဒေမဲ့ဖြစ်နေတဲ့ အခါကျတော့ ဘာတိုင်းတာမှုမျိုး၊ ဘယ်လိုထိန်းသိမ်းမှုမျိုးမှ မရှိဘူးလေ။ ဒေသအာဏာပိုင်တွေ၊ လက်နက်ကိုင်တွေကို ငွေပေးပြီးတော့ စိတ်ကြိုက်တူးရုံပဲပေါ့။ သူတို့သတ်မှတ်ထားတဲ့ ဧရိယာရရင်ပေ့ါနော်၊ မင်းလည်း မင်းကြိုက်သလိုတူး၊ ကိုယ်လည်း ကိုယ်ကြိုက်သလိုတူးပေါ့။ အဲဒီပုံစံမျိုးသွားဖြစ်တာ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ၊ ဂေဟစနစ် ပျက်စီးတာတွေ အဲဒါမျိုး ဘာမှမရှိဘူး။ အဲဒီဟာတွေအတွက် ကာဗာလုပ်ထားပေးတာ ဘာမှမရှိဘူး။ အင်တာနက်တွေ ပြတ်တောက်ပြီးတော့ မျက်စိပိတ်နားပိတ် သတင်းအမှောင်ချပြီးတော့ ထင်သလိုလုပ်နေတာကိုးဗျ၊ တကယ်တမ်းကျတော့၊ ကျနော်တို့ကလည်း ပေါ်ပေါ်ထင်ထင် ထွက်ပြလိုက်ရင် ကျနော်တို့ အသက်အန္တရာယ်အတွက် စစ်တပ်ကိုလည်းကြောက်ရတယ်၊ ကေအိုင်အေလည်း ကြောက်ရတယ်၊ နှစ်ဖက်လုံးကြောက်ရတယ်။ နှစ်ဖက်စလုံးက ဒီလို ဘာမှ ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့စိတ် မရှိတဲ့အခါကျတော့ ကျနော်တို့ပြောနေရင်လည်း ပြောတဲ့လူပဲ အသက်အန္တရာယ် စိုးရိမ်ရတာပဲရှိတယ်။” လို့ သူက ပြောပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသီ ဦးဝင်းမျိုးသူ ဟာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KIA/ KIO၊ အာဏာသိမ်း စစ်ကောင်စီ နဲ့ သူတို့ရဲ့ ပတ်သက် ဆက်နွယ်သူတွေ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေတာ နဲ့ ပတ်သက်ပြီး အခုလို ထောက်ပြ ပြောဆိုခဲ့တာပါ။

Global Witness အဖွဲ့ အစီရင်ခံစာမှာ ဒေါ်လာဘီလီယံနဲ့ ချီလည်ပတ်နေတဲ့ မြန်မာ့ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်မှုက ရတဲ့ အကျိုးစီးပွားအားလုံးကို စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ နီးစပ်သူအားလုံးက ရယူနေပြီး ဒီလုပ်ငန်းဟာ အာဏာသိမ်းစစ်တပ် ရေရှည်ရပ်တည်ဖို့ ဝင်ငွေရစေတဲ့ အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းတခု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အခုလို အချိန်ကာလမှာ နိုင်ငံရဲ့ အဖိုးတန်သယံဇာတွေကို စနစ်တကျ စီမံအုပ်ချုပ်တာနေ ရရှိလာတဲ့ အခွန်ဘဏ္ဍာတွေကို တော်လှန်ရေးအတွက် ထိထိရောက်ရောက် သုံးစွဲသွားဖို့ လိုအပ်သလို ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေဖို့၊ သဘာဝ သယံဇာတတွေ ရေရှည်တည်တံ့ဖို့ နဲ့ သယံဇာတ စီမံအုပ်ချုပ်တာကို ဒေသခံ လူမှုဘဝ အဆင့် မြင့်မားလာဖို့ ကိုလည်း အထူးအလေးထား လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အခုချိန်ဟာ ကြားကာလဖြစ်တဲ့အတွက် ကြားကာလ သယံဇာတစီမံအုပ်ချုပ်မှုအတွက် ရေးဆွဲနေတဲ့ အရေးပေါ် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်တွေနဲ့ မူဘောင်တွေကို အမြန် ထုတ်ပြန် အကောင်အထည်နိုင်ဖို့အတွက် ကြိုးစားဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

Global Witness နဲ့ World Resources Institute (WRI) လို အဖွဲ့အစည်းတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်မှာလည်း သယံဇာတတူးဖော်ရေး၊ စီမံခန့်ခွဲရေးကို ထိရောက်စွာ ထိန်းချုပ်နိုင်တာ မရှိဘူးလို့ ထောက်ပြ ပြောဆိုကြပါတယ်။