Spread the love

ရန်ကုန်၊ မတ်(၉)

မြန်မာပြည်သူတွေနဲ့ ယူကရိန်းပြည်သူတွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေက ထပ်တူနီးပါးဖြစ်နေပြီး လက်နက်အားကိုးကာ ခြယ်လှယ်နေတဲ့ အာဏာရှင်တွေကို ပြည်သူလူထုအားနဲ့ ရင်ဆိုင်တွန်းလှန်ရမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

“ရုရှား-ယူကရိန်း အရေးကြောင့် မြန်မာနိုင်ငံမှာ ပြည်သူတွေနေ့စဉ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံနေရမှုတွေ ကမ္ဘာမှာ မှေးမှိန် သွားသယောင်ထင်ရတယ်။ တကယ်တော့လည်း ကျူးကျော်စစ်နဲ့ ပြည်တွင်းစစ်ပုံစံမတူပေမယ့် အာဏာရှင်တွေရဲ့ လက်နက်အားကိုးနဲ့ အနိုင်ကျင့် ခြင်းခံရတာကတော့ အတူတူပဲ။” လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးမှာ သူက အခုလိုပြောကြားခဲ့တာပါ။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ရုရှား-ယူကရိန်း အရေးနဲ့ ပတ်သက်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ VOA သတင်းဌာနရဲ့ သီးသန့် အင်တာဗျူးမှာ အခုလို ဖြေကြားခဲ့ပါတယ်။

“နံပါတ် ၁ ကတော့ ဒီကိစ္စကတော့ ရုရှားနိုင်ငံအနေနဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေဖို့ လုပ်ဆောင်ခဲ့တဲ့၊ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့ပဲ မြင်ပါတယ်။ နံပါတ် ၂ အနေနဲ့ကတော့ ရုရှားနိုင်ငံအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းညှိထားတဲ့ ကမ္ဘာ့ချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတခုအဖြစ် ရပ်တည်လျက်ရှိကြောင်း ကမ္ဘာကိုပြသခြင်းမြင်ပါတယ်။” လို့ သူက ပြောပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယူကရိန်းအရေး နဲ့ မြန်မာနိုင်ငံအရေး နှိုင်းယှဉ်ကြည့်မယ်ဆိုပါက နိုင်ငံတကာရဲ့ ပံ့ပိုးမှု အပိုင်းမှာ အင်မတန်ကွာခြားလှပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေအနေနဲ့ အခုချိန်ထိ နိုင်ငံတကာရဲ့ ပံ့ပိုးမှု တစ်ခုမှ မရသေးတဲ့ အခြေအနေမှာ ရှိနေသေးတယ်လို့ သူက ထောက်ပြပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ စစ်ပွဲတွေက ကိုယ့်ပြည်တွင်းမှာပဲ အချင်းချင်းဖြစ်ကြတဲ့ စစ်ပွဲတွေမို့ နိုင်ငံတကာအနေနဲ့ကြည့်ရင် ပြည်တွင်းရေးဖြစ်နေတာကြောင့် ကျွန်တော်တို့အနေနဲ့ ယခုအချိန်အထိ နိုင်ငံတကာရဲ့ပံ့ပိုးမှု ဘာတစ်ခုမှမရ သေးတဲ့အခြေအနေ” လို့ သူက ပြောပါတယ်။

ရုရှားရဲ့ ကျူးကျော်စစ်ဒဏ်ကို ခံနေရတဲ့ ယူကရိန်းပြည်သူတစ်ရပ်လုံး အနေနဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရသလို မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်လည်း မြန်မာပြည်သူလူထုအနေနဲ့ နေ့စဉ် ဆိုးဝါးလှတဲ့ အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့နေရပါတယ်။