Spread the love

ရန်ကုန်၊မတ်(၁၃)

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မြို့မရဲစခန်းက စခန်းမှူး ညွန့်လှိုင် ရဲ့ လက်ကိုင်တုတ် အရပ်သားက ရဲတပ်သားသစ်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“အပစ်ခံရတာက မအူပင်မြို့၊ (၆) ရပ်ကွက်၊ ခိုင်နှင်းဆီလမ်းက မင်းမင်းထက် ပဲ။ သူက ရဲတပ်သားသစ် အခုလောလောဆယ် အချုပ်ကားမောင်းနေတာ၊ ပစ်တာက စခန်းမှူးတပည့် စခန်းမှူးဒီကို ပြောင်းလာထဲက သူ့တပည့် (၂) ယောက်ပါတယ်၊ စကားများပြီး အဲ့စခန်းမှူး တပည့်အရပ်သားက သူကိုင်တဲ့ အိုစီအမျိုးစားသေနတ်နဲ့ ပစ်တာ၊ သုံးချက်ပစ်တာ ပွဲချင်းပြီးပဲ” လို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ကိုပြောပါတယ်။

Photo – ပေးပို့

အခုမအူပင်မြို့မှာ တာဝန်ကျနေတဲ့ စခန်းမှူး ညွန့်လှိုင် ဟာ ဒေသခံတွေအကြား လက်ဆယ်ချောင်းမင်းသား ဆိုပြီး နာမည်ကြီးနေသူဖြစ်ကာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးမိလာသူတွေကို လက်ဆယ်ချောင်းထောင် ငွေကြေးတောင်းယူနေသူ ဖြစ်တဲ့အတွက် လက်ဆယ်ချောင်းမင်းသား လို့ နာမည်ကျော်ကြားနေတာပါ။

ရဲတပ်သားသစ်ကို ပစ်ခတ်ခဲ့သူကလည်း စခန်းမှူးနဲ့ အတူပါလာသူဖြစ်ပြီး စခန်းမှူးရဲ့ လက်ရင်းတပည့် (၂) ဦးထဲက တစ်ဦးဖြစ်ပြီး တရားမဝင် ငွေကြေးကောက်ခံတာနဲ့ သတင်းရယူတဲ့ ကိစ္စတွေမှာ စခန်းမှူးကိုယ်စား လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။