Spread the love

ရန်ကုန်၊ မတ် (၁၆)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးအကျဉ်းထောင် အတွင်းမှာ မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့လို့ ထောင်အတွင်း သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“ထောင်ထဲက သေနတ်ပစ်သံတွေတော့ ကြားရတယ်။ ဘာကြောင့် ပစ်တာလဲတော့မသိဘူး။ ထောင်အရာရှိက သေနတ်နဲ့ ပစ်လို့ ထောင်သားတချို့ သေသွားတယ်။ ဒဏ်ရာရသွားတဲ့ ထောင်သားတချို့ကိုတော့ ထောင်ဆေးရုံမှာ တင်ထားတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကလည်း ဒဏ်ရာရသွားသူတွေရှိတယ်တဲ့ သူတို့ကိုတော့ ကလေးပြည်သူ့ဆေးရုံမှာ တင်ထားတယ်။” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီဘက်က မနေ့ညနေပိုင်း ကလေးအကျဉ်းထောင် အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထောင်သား (၅၀) ကျော်ဟာ ထောင်ဝန်ထမ်းအရာရှိ (၃) ဦးကို ဓားစားခံလုပ်ပြီး ထောင်အတွင်းမှာ ထွက်ပြေးဖို့ ကြံစည်ခဲ့လို့ ချောက်လှန်တဲ့ သဘောနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ ဟာ MA-11 သေနတ်နဲ့ ထောင်သားတွေကို ပစ်ခတ်ခဲ့လို့ အချုပ်သား (၆) ဦး နဲ့ အကျဉ်းသား (၁) ဦး သေဆုံးခဲ့ပြီး အချုပ်သား (၁၂) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

“အချုပ်သား ဗန်ဒိန်း(ဘ)ဦးလျန်ပုန် ခေါင်းဆောင်သည့်အဖွဲ့မှ တာဝန်ခံအရာရှိပါ၃ ဦး အား ဓားစာခံအဖြစ်ဖမ်းချုပ်စဉ် တာဝန်ခံအရာရှိမှ ပြန်လည်ခုခံသဖြင့် လွှတ်မြောက်သွားခဲ့ပြီး ဒုတိယ တာဝန်ခံအရာရှိနှင့် ဒုကြီးကြပ်ရေးမှူး ၂ ဦးတို့အား စည်းကမ်းထိန်းသိမ်းရေးရုံးဘေး၌ ချုပ်နှောင်ထားခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိမှ ဗဟိုကင်းပေါ်သို့ချက်ချင်းတက်ရောက်ပြီး Hand Speaker ဖြင့် ဖမ်းဆီးထားသော အရာရှိ ၂ ဦးအား ပြန်လွှတ်ပေးရန်နှင့် မိမိအိပ်ဆောင်သို့ ပြန်လည်ဝင်ရောက်ရန် အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း‌ လိုက်နာမှုမရှိသဖြင့် ၎င်းတို့အား ချောက်လှန့် သည့် သဘောအနေဖြင့် MA-11 သေနတ်ဖြင့် ၃ ချက် မိုးပေါ်သို့ ပစ်ခတ်ခဲ့သော်လည်း လိုက်နာခြင်း မရှိသဖြင့် ၎င်းလူအုပ်စုအောက်ပိုင်းသို့ MA-11 သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ အချုပ်သား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၆ ဦးနှင့် အကျဉ်းသား ၁ ဦး၊ ပေါင်း ၇ ဦး သေဆုံးခဲ့သည်။” ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ ဒုကြီးကြပ်ရေးမှူး ဦးရန်ပိုင်မျိုး ဟာ ဝဲဘက်လည်ပင်းနဲ့ မေးရိုးမှာ ပြတ်ရှဒဏ်ရာ (၁) ချက်စီရရှိခဲ့လို့ ကလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ဆေးကုသပေးနေတယ်လို့ ဖော်ပြချက်အရ သိရပါတယ်။