Spread the love

ရန်ကုန်၊ မတ် (၁၇)

စစ်ကောင်စီတပ်တွေက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်းက နေရာအများစုကို လေကြောင်းကနေ တိုက်ခိုက်နေသလို လက်နက်ကြီးတွေ အလွန်အကျွံသုံးပြီး တိုက်ခိုက်နေလို့ ပြည်သူ (၇၀၀) ကျော်က အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး က ပြောပါတယ်။

“အလွန်တင်းကြပ်တဲ့ သွားလာခွင့်ဆိုင်ရာ အခြေအနေထဲကမှ လူသားချင်းစာနာမှု လုပ်ငန်းဆောင်ရွက်သူတွေဟာ အကူအညီလိုအပ်နေသူများထံ အရေးပေါ်အကူအညီနဲ့ အကာအကွယ်ပေးရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ရောက်ရှိအောင် ပူးပေါင်းကြိုးစားလျက်” ရှိတယ်လို့ OCHA က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကရင်ပြည်နယ်အတွင်း တည်ငြိမ်မှုမရှိတဲ့ လုံခြုံရေးအခြေအနေတွေရှိနေလို့ အခုမတ်လ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်းမှာ ဖာပွန်မြို့နယ်က လူဦးရေ (၇၀၀) ဝန်းကျင်ဟာ ကမာမောင်းမြို့နယ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တစ်လတာအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ (၇) ဦး သေဆုံးခဲ့ရပြီး (၂၆) ဦး ထိဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ မတ်လ (၆) ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ် နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တွေကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၄၂၁) ကြိမ်ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့တပ် နဲ့ နယ်ခြားစောင့်တပ် BGF ဘက်က (၃၁၁) ဦး သေဆုံးခဲ့ပြီး (၂၂၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

OCHA ရဲ့ မတ်လ (၇) ရက်နေ့ ဖော်ပြချက်အရ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ကရင်ပြည်နယ်က လူဦးရေ (၆၉,၁၀၀) ဦးဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။