Spread the love

ရန်ကုန်၊ မတ် (၁၇)

တပ်မတော်သားတွေအနေနဲ့ ပြည်သူ့ဘက်တော်သား အဖြစ် လက်နက်အပြည့်အစုံနဲ့ လာရောက်ရောက် ပူးပေါင်းပါက လုံခြုံရေးကို အထူးအာမခံပေးမှာဖြစ်သလို ငွေကျပ်သိန်း (၃၀) ကိုလည်း ချီးမြှင့်မှာ ဖြစ်တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ဂျူပီတာ က ပြောပါတယ်။

တပ်မတော်သားတွေအနေနဲ့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်မှာ ဆက်လက်တာဝန် မထမ်းဆောင်တော့ပဲ ပြည်သူနဲ့အတူ လာရောက်ပူးပေါင်းပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ အတူတွန်းလှန်ဖို့ သူတို့အဖွဲ့က မနေ့က ကြေညာချက်ထုတ် ဖိတ်ခေါ်ခဲ့ပါတယ်။

ပြည်သူ့ဘက်တော်သား အဖြစ်ခံယူမယ့် တပ်မတော်သားတွေကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ က လှိုက်လှဲလှဲ ကြိုဆိုပြီး အမြန်ဆုံးလာရောက် ပူးပေါင်းဖို့ကိုလည်း သူတို့အဖွဲ့က တပ်မတော်သားတွေကို အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါတယ်။

လေတပ်က ဗိုလ်ကြီးမုတ်သုံ၊ တပ်သားသီဟနိုင်၊ တပ်ကြပ်ကြီးနောင်ရိုးတို့ သုံးဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက CDM ပြုလုပ်ကာ အလင်းဝင်လာခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ဆီက သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် (၆၀၀၀) ကျော် ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က၂ဝ၂၁ ခုနှစ် က ထုတ်ပြန်ထားပါတယ်။