Spread the love

ရန်ကုန်၊ မတ် (၁၉)

နွေဦးတော်လှန်ရေးကာလအတွင်း မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အကြမ်းဖက် စစ်အုပ်စုက လက်နက်နဲ့ အင်အားသုံးပစ်ခတ်ကာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် ဖြိုခွင်းမှုလို့ သတ်မှတ်ပြီး လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကလေးအကျဉ်းထောင်အတွင်း ၂၀၂၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့က ပဋိပက္ခ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး GSCB က အခုလို ဝေဖန်ပြောဆိုခဲ့တာပါ။

“အကျဉ်းထောင်များအတွင်း၌ အကျဉ်းသားများ အနေဖြင့် ဘောပင်၊ ဖောင်တိန်ကိုပင် ကိုင်ဆောင်ခွင့် မရှိသည့်အပြင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို သိမ်းယူပြီးချိန်မှစ၍ ထောင်အာဏာပိုင်များနှင့် ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသားများက နိုင်ငံရေး အကျဉ်းသားများအပေါ် ဖိနှိပ်အနိုင်ကျင့်မှုများ ဖြစ်ပွားလျက်ရှိသည်မှာလည်း နိုင်ငံသိ၊ ကမ္ဘာသိပင် ဖြစ်ပါသည်။” လို့ မနေ့က သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က ကလေးအကျဉ်းထောင် အတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထောင်သား (၅၀) ကျော်ဟာ ထောင်ဝန်ထမ်းအရာရှိ (၃) ဦးကို ဓားစားခံလုပ်ပြီး ထောင်အတွင်းမှာ ထွက်ပြေးဖို့ ကြံစည်ခဲ့လို့ ချောက်လှန်တဲ့ သဘောနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူ ဟာ MA-11 သေနတ်နဲ့ ထောင်သားတွေကို ပစ်ခတ်ခဲ့လို့ အချုပ်သား (၆) ဦး နဲ့ အကျဉ်းသား (၁) ဦး သေဆုံးခဲ့ပြီး အချုပ်သား (၁၂) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

အကျဉ်းထောင်အတွင်းက အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်ဖို့ ကြံစည်ကြိုးစားခဲ့လို့ ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖြေရှင်းချက်နဲ့ ပတ်သက်ပြီး GSCB က အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ကြံဇာတ်လမ်း တစ်ပုဒ်သာဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

“ကလေးမြို့ အကျဉ်းထောင်အတွင်း အကြမ်းဖက်ဖြိုခွင်းမှု ဖြစ်ရပ်၌ ကျဆုံးခဲ့ရသည့် ရဲဘော် နိုင်ငံရေးအကျဉ်းသားများကို ကျွန်ုပ်တို့က လေးစား ဦးညွတ်၍ နွေဦးတော်လှန်ရေး၌ နိုင်ငံတစ်ဝန်းတွင် ကျဆုံးခဲ့ရသော ပြည်သူများနှင့် ဖမ်းဆီးခံထားရသော ကျောင်းသား ပြည်သူများ၏ ထိခိုက်နစ်နာမှုများ အပေါ် တရားမျှတမှုကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ မဆုတ်မနစ် ချီတက် တော်လှန်သွားမည်ဖြစ်ကြောင်း” GSCB ကတိသစ္စာပြုအပ်တယ်လို့ ပြောပါတယ်။