Spread the love

ရန်ကုန်၊မတ်(၁၉)

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် မြို့မရဲစခန်း၊ လျှပ်စစ်ရုံး၊ သစ်တောဂိတ် တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လှဘီလူးကျေးရွာ ဒလန်ဆိုပြီး နာမည်ကြီးနေတဲ့ အမျိုးသားတစ်ဦး ကို မနေ့ကပစ်ခတ်ခဲ့ရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မနေ့ မတ်လ (၁၈) ရက် ညနေ (၅) နာရီ (၄၁) မိနစ်မှာ ခရမ်းမြို့မရဲစခန်း အတွင်းကို ၄၀မမ ဗုံးသီး (၂) လုံး၊ (၅) နာရီ (၄၉) မိနစ်မှာ လျှပ်စစ်ရုံး အတွင်းကို ၄၀မမ ဗုံးသီး (၁) လုံး၊ (၅) နာရီ (၅၈) မိနစ်မှာ သစ်တောဂိတ်အတွင်းကို (၄၀) မမ ဗုံးသီး (၁) လုံး နဲ့ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan) က ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်သွားတာ ဟုတ်တယ်၊ ရဲစခန်းထဲကိုတော့ ပေါက်ပြီး မကြာဘူး လူနာတင်ကားတွေ ဝင်သွားတာတွေ့တယ်၊ ဘယ်လောက်ထိပြီး ဘယ်လောက်သေတယ်တော့ မသိဘူး” လို့ ခရမ်းမြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။

မနေ့ မနက် (၆) နာရီဝန်းကျင်က ဒလန်ဆိုပြီး လူပြောများနေတဲ့ လှဘီလူးကျေးရွာ က ကျော်မျိုးဦး ဆိုတဲ့ အမျိုးသားတစ်ဦးကို အမည်မသိသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ နေရာမှာ တင်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖောက်ခွဲမှုတွေနဲ့ ပတ်သက်ပြီး ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) က သူတို့အဖွဲ့လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပေမယ့် ဒလန်ဆိုတဲ့ အမျိုးသား ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကို ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၅) ရက် ညပိုင်းကလည်း ခရမ်းမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) က ဗုံးသုံးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲ (၃) ဦးသေဆုံးပြီး (၇) ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။