Spread the love

ရန်ကုန်၊ မတ် (၁၉)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ရက်ကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပြည်သူတွေရဲ့ အိမ်ပေါင်း အနည်းဆုံး (၄၈) လုံးကို မီးရှို့ဖျက်ဆီးနေတယ်လို့ တူမီး – တော်လှန်ရေး စာစဉ် က ဒီနေ့မှာ ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ပုလဲမြို့နယ် ဟာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးလို့ အိုးအိမ် အများဆုံး ဆုံးရှုံးနေရတဲ့ မြို့နယ် ဖြစ်တယ်လို့ သူတို့ရဲ့ ဖော်ပြထားပါတယ်။

“ဖက်ဆစ် စစ်တပ်မှ နိုင်ငံတဝှမ်းတွင် ကျေးရွာများ ၊အိုးအိမ်များကို မီးလောင်တိုက်သွင်း၍ တိုက်စစ်ဆင် နေမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် အိုးအိမ်ဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး အိုးအိမ် လေးထောင့် လေးရာကျော် မီးလောင်တိုက်သွင်းခြင်းခံခဲ့ရပြီး ဖြစ်သည်။” လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလ မတ် (၁) ရက်ကနေ (၁၅) ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အိုးအိမ်ပေါင်း (၇၁၃) လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တာဖြစ်လို့ တစ်နေ့မှာ ပျှမ်းမျှ အိုးအိမ်ပေါင်း (၄၈) လုံးက မီးလောင်ပျက်စီးနေရတာ ဖြစ်တယ်လို့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်ကို တူမီး – တော်လှန်ရေး စာစဉ် က ဒီနေ့မှာ ပြန်လည် ထုတ်နှုတ် ဖော်ပြခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ကလည်း ဝက်လက်မြို့နယ်၊ တောင်ကုန်းကျေးရွာကို မီးရှို့ခဲ့လို့ သက်ကြီးပိုင်း လေဖြတ်နေတဲ့ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့သေးတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တစ်လအတွင်းကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ပြည်သူတွေရဲ့ အိုးအိမ်ပေါင်း (၂၃၀၀) ကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။