Spread the love

ရန်ကုန်၊ မတ် (၂၀)

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်းက ကျောက်ကြီးမြို့နယ်၊ ကွီးလားကျေးရွာနဲ့ ဆောထိမြို့နယ်၊ တကက်ပူကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ဒီနေ့ မနက် (၂) နာရီဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ် ကရင်အမျိုးသားအစည်းအရုံး KNU က ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရလို့ ပြည်သူတချို့ရဲ့ နေအိမ်တွေ ပျက်စီးခဲ့ရပြီး သေဆုံးသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

“ဤသို့သော အဖြစ်အပျက်များဖြစ်ပွားမှုကြောင့် ကျေးရွာသူကျေးရွာသား ပြည်သူလူထုများသည် စိုးရိမ် ကြောက်ရွံ့ မှုများနှင့် ရင်ဆိုင်ခဲ့ကြရပြီး စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်ရာတွင်လည်း ဘဝလုံခြုံမှုများမရှိတော့ပေ။ ထို့အတူ ယခု ဖြစ်ပေါ်နေသော Covid – 19 ( အိုမီခရွန်) ရောဂါကို ကာကွယ်ရန် နှင့် ကုသရန်အတွက် များစွာ အခက်အခဲ ဖြစ်စေခဲ့ပါသည်။” လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်နေလို့ KNU တပ်မဟာ-၃ ညောင်လေးပင်ခရိုင် အတွင်းမှာရှိတဲ့ ကျေးရွာ (၁၇) ရွာက ပြည်သူ (၃၇၀၀) ဝန်းကျင်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ကရင်ပြည်နယ်၊ ဒူးပလာခရိုင်၊ ကော့်ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ မတ်လ (၁၇) ရက်နေ့ကစတင်ကာ မိမိတို့နေထိုင်ရာ ဒေသအသီးသီးကို ထွက်ခွာကြဖို့နဲ့ ဒေသခံ၊ မြို့ခံဝန်ထမ်းအနေနဲ့လည်း နှုတ်ထွက်ကြဖို့ KNU က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေမှာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ တစ်လတာအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်အတွင်းကို လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပြည်သူ (၇) ဦး သေဆုံးခဲ့ရပြီး (၂၆) ဦး ထိဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ မတ်လ (၆) ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။

KNU ထိန်းချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ် BGF တပ် နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တွေကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း (၄၂၁) ကြိမ်ဖြစ်ပွားခဲ့တာပါ။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး OCHA ရဲ့ မတ်လ (၇) ရက်နေ့ ဖော်ပြချက်အရ စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေလို့ ကရင်ပြည်နယ်က လူဦးရေ (၆၉,၁၀၀) ဦးဟာ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။