Spread the love

ရန်ကုန်၊ မတ် (၂၁)

အာဆီယံအထူးကိုယ်စားလှယ် ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မပြည်သူလူထုရဲ့ ဆန္ဒသဘောထားနဲ့ အသံကို လုံးဝတန်ဖိုးမထား၊ အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက်ပြုတဲ့ လုပ်ရပ်ဖြစ်လို့ တော်လှန်ရေးအင်အားစုများ (GSCB) က အခုခရီးစဉ်ကို ပြင်းထန် ကန့်ကွက် ရှုတ်ချတယ်လို့ ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ ပရတ်ဆွတ်ခွန် ရဲ့ ပထမအကြိမ် မြန်မာနိုင်ငံခရီးစဉ်ဟာ အခု မတ်လ (၂၀) ရက်ကနေ (၂၃) ရက်နေ့ အထိ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိတဲ့အချိန် ကာလအတွင်း အာဆီယံအထူးကိုယ်စားလှယ် ဟာ အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင် အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်တွေ နဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။

“ပထမအကြိမ်ဖြစ်သည့်အတွက် လိုချင်လောဘများစွာ မထားရန်ဆိုသည့် အာဆီယံအထူးကိုယ်စားလှယ်၏ ပြောကြားချက်သည် အာဆီယံ၏မူ မဟုတ်သည့်အပြင် အာဆီယံတစ်ခုလုံးကို ကိုယ်စားမပြုဘဲ တာဝန်မဲ့ပြောကြားချက်ဖြစ်ပါသည်။” လို့ တော်လှန်ရေးအင်အားစု (၃၆) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ GSCB ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၂၇) ကနေ (၂၉) ရက်အထိ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံ ဆုံးဖြတ်ချက်တွေကို အလေးထား စောင့်ကြည့်ဖို့ အခုခရီးစဉ်မှာ ထည့်သွင်းမထားခြင်းက မြန်မာပြည်သူလူထုရဲ့ဆန္ဒ နဲ့ ၂၀၂၁ခုနှစ် နွေဦးတော်လှန်ရေးအင်အားစု အားလုံးကို မျက်ကွယ်ပြုတာ ဖြစ်တယ်လို့ သူတို့က ထောက်ပြပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုကို နေ့စဉ်ရက်ဆက် အပြင်းအထန် ဆန့်ကျင်တော်လှန်နေကြသည်မှာ အထင်အရှားဖြစ်ပြီး၊ ဤခရီးစဉ်မတိုင်မီ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ချက်ချင်းရပ်တန့်ရေးအတွက် အာဆီယံအနေဖြင့်လည်းကောင်း၊ အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့်လည်းကောင်း တိုက်တွန်းတောင်းဆိုရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရသည်။” သူတို့က ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ခေါင်းဆောင်ဟာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ နဲ့ အတူ မြန်မာနိုင်ငံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၇) ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲပြီး မြန်မာနိုင်ငံမှာ နှစ်ရက်ကြာ နေထိုင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် ဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ ဗီဒီယိုကွန်ဖရင့်က တစ်ဆင့် တွေ့ဆုံခဲ့ဆွေးနွေးခဲ့ပါသေးတယ်။

ကမ္ဘောဒီးယားနိုင်ငံ က၂၀၂၂ ခုနှစ်အတွက် အာဆီယံဥက္ကဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ရမှာပါ။