Spread the love

ရန်ကုန်၊ မတ် (၂၁)

ထိုင်းနိုင်ငံ၊ ပကျွတ်ခီလီပြည်နယ်ကနေ ဘန်ကောက်မြို့ကို သွားတဲ့ လမ်းမကြီးပေါ်မှာ တရားမဝင်အလုပ်သမားတွေ သယ်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက်ခဲ့လို့ မြန်မာနိုင်ငံသား (၆) ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသံမှူးရုံး က ဒီနေ့မှာ ပြောပါတယ်။

သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား (၆) ဦးက ခိုင်ဇာလင်း(အသက်-၁၉ နှစ်)၊ မရီရီဝင်း(အသက်-၂၅ နှစ်)၊ မလဲ့လဲ့စိုး (အသက်-၂၄ နှစ်)၊ မမြပုလဲ (အသက်-၃၃ နှစ်)၊ ဦးဇေယျာမင်း ( အသက်-၃၅ နှစ်) နဲ့ မအိအိမော် ( အသက်-၂၅ နှစ်) တို့ ဖြစ်ပါတယ်။

“မော်တော်ယာဉ်တွင် လိုက်ပါခဲ့သူများအနက် ထိခိုက်ဒဏ်ရာရသူများနှင့် ကျန်ရှိသူများကို ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်အရ တွေ့ဆုံမေးမြန်းနိုင်ခြင်းမရှိ၍ သေဆုံသူများ၏ ရုပ်အလောင်းများ စိစစ်ခဲ့ရာ အချို့ကို မည်သူ မည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် အခက်အခဲဖြစ်ပေါ်နေပါသည်။” လို့ မြန်မာနိုင်ငံ အလုပ်သမားသံမှူးရုံး ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ မတ် (၁၆) ရက်နေ့က တရားမဝင်အလုပ်သမားတွေ သယ်ဆောင်လာတဲ့ ကားပေါ်မှာ ကျား (၇) ဦး၊ မ (၁၂) ဦး စုစုပေါင်း (၁၉) ဦးပါဝင်ခဲ့ပြီး ယာဉ်တိမ်းမှောက်ခဲ့လို့ (၆) ဦး သေဆုံးခဲ့ကာ (၆) ဦး ဒဏ်ရာရရှိခဲ့တာပါ။

သေဆုံးသွားတဲ့ မြန်မာနိုင်ငံသားရုပ်အလောင်းတွေကို သင်္ဂြိုဟ်ပေးဖို့နဲ့ ဘန်ကောက်ကို လွှဲပြောင်းဖို့ ထောက်ခံစာလိုအပ်နေတဲ့အတွက် ဆက်သွယ်ပေးဖို့ကိုလည်း မြန်မာနိုင်ငံ အလုပ်သမားသံမှူးရုံး က မေတ္တာရပ်ခံထားပါတယ်။

သေဆုံးသူတွေရဲ့ မိဘ၊ ဇနီး/ခင်ပွန်း၊ သားသမီးတွေအနေနဲ့ လျော်ကြေးရရှိနိုင်ဖို့ကိုလည်း မြန်မာနိုင်ငံ အလုပ်သမားသံမှူးရုံး က ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သူတို့က ပြောပါတယ်။