Spread the love

ရန်ကုန်၊ မတ် (၂၂)

အခုလက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ PDF ရဲဘော်တွေရဲ့ အင်အားဟာ နေပြည်တော်ကို ခြိမ်းခြောက်နေနိုင်ပြီဖြစ်ပြီး စိုးမိုး သိမ်းပိုက် ထိန်းချုပ်နိုင်တဲ့ အဆင့်ကို မကြာခင် ရောက်ရှိတော့မှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောပါတယ်။

“နေပြည်တော်တပ်ရင်းတွေအနေနဲ့ ရှမ်း၊ ကရင်နီ(ကယား)မှာရှိတဲ့ တပ်ရင်းတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မျိုးစေ့ချပေးနေခြင်းဖြစ်ကြောင်း၊ ဒီဆောင်ရွက်ချက်တွေဟာ သမိုင်းဝင်ဆောင်ရွက်ချက်များဖြစ်ကြောင်း၊ ထိုက်သင့်သော တိုက်ပွဲအတွေ့အကြုံများလဲ ရရှိမည်ဖြစ်ကြောင်း၊ စစ်မြေပြင်လိုအပ်ချက်များကို အချိန်မရွေးဆက်သွယ်ပြောဆိုနိုင်သလို ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရသူများအတွက် လိုအပ်ချက်များကိုလဲ ပြောဆိုစေချင်ကြောင်း၊ စစ်လက်နက်ပစ္စည်းများကို ရနိုင်သမျှ ကြိုးစားရှာဖွေ ပို့ဆောင်ပေးလျက်ရှိကြောင်း၊” မနေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက အခုလိုပြောဆိုခဲ့တာပါ။

ဒုတိယဝန်ကြီး နိုင်ကောင်းရွက် က အကြမ်းဖက်စစ်ကောင်စီဟာ နေပြည်တော်ကို ကာကွယ်နေတာဖြစ်လို့ နေပြည်တော်ကို သိမ်းမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားကြစေလိုတယ်လို့ တိုက်တွန်းပြောဆိုပါတယ်။

“မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ် တွန်းပို့နေသော အကြမ်းဖက်စစ်ကောင်စီကို ဖြုတ်ချ၍ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ကြရမည်ဖြစ်ကြောင်း” သူက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က “တော်လှန်ရေးဟာ မကြာမီမှာ အဆုံးအဖြတ်ကာလ ရောက်ရှိလာတော့မှာဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဟာ စိတ်ပိုင်းဆိုင်ရာအရ ခြွတ်ခြုံကျနေပြီဖြစ်ကြောင်း၊ ရဲဘော်တို့အနေနဲ့ ကာလတစ်ခု ကြံ့ကြံ့ခံထားပေးကြဖို့ မေတ္တာရပ်ခံလိုကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲအရှိန်ကို အစီအစဉ်တကျမြှင့်တင်သွားဖို့ရှိကြောင်း၊ ထိုက်သင့်တဲ့ ပစ္စည်းများ ထပ်မံရောက်ရှိလာရေးကို ကြိုးစားနေကြောင်း၊ ဗျူဟာမြောက်လက်နက်များ ရရှိဖို့ လဲ ကြိုးစားနေကြောင်း၊ နေပြည်တော်တပ်ရင်းမှ ရဲဘော်များအနေဖြင့် ယခုတိုက်ပွဲအတွေ့အကြုံကိုယူ၍ နောင်လာမည့် တိုက်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း” ပြောပါတယ်။

PDF တွေကလဲ “NUG သည် မိမိတို့၏ ဦးခေါင်းဖြစ်ပြီး PDF များသည် တော်လှန်ရေး၏ ကိုယ်ထည်ဖြစ်သည်ဟု ခံယူပြီး တိုက်ပွဲဝင်နေကြောင်း ယခုအချိန်ကတည်းက စတင်ပြီး တောင်ပေါ်မြေပြန့်မခွဲပဲ ပြည်သူလူထုကို ကာကွယ်မည်ဟူသည့် စိတ်ဖြင့် တစ်စုတစ်စည်းတည်း တိုက်ပွဲဝင်လျက်ရှိကြောင်း” မနေ့က အွန်လိုင်းတွေ့ဆုံပွဲမှာ အခုလိုပြန်လည် ဆွေးနွေးပြောကြားခဲ့ပါတယ်။