Spread the love

ရန်ကုန်၊ မတ် (၂၂)

လေပြင်းမုန်တိုင်းတိုက်ခတ်လို့ ပျက်စီးသွားတဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်ဘေးရှောင်စခန်း အဆောင်အသစ်တွေ ပြန်လည်တည်ဆောက်ဖို့ အကူအညီလိုအပ်နေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ပြောပါတယ်။

“ကရင်အမျိုးသားအစည်းအရုံး၏ ဒေသခံတာဝန်ရှိသူများသည် ပြည်သူလူထုများ ခိုလှုံရန်အတွက် အဆောက်အဦများကို ဆောက်ပေးခဲ့သော်လည်း လေပြင်းမုန်တိုင်းတိုက်ခတ်ပြီး မိုးများရွာသွန်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထုများ နားနေရာ အဆောက်အဦများ၏ အမိုးအကာများ လွင့်စင်ပျက်စီးခဲ့ကြပါသည်။” လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် အခုချိန်မှာ အဆောင်အလုံး (၃၀၀) ကျော် လိုအပ်နေသေးပြီး အဆောင်တစ်လုံးကို ကုန်ကျစရိတ် ထိုင်းဘတ်ငွေ (၁၂၀၀) ဘတ် ရှိတယ်လို့ KNU ဗဟို က ပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဖော်ပြချက်အရ “အပူပိုင်းမုန်တိုင်းငယ်သည် အားကောင်းသော မုန်တိုင်းငယ်အဆင့်ဖြင့် ယနေ့ ၂၂ရက်နေ့၊ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ဟိုင်းကြီးကျွန်းအနီးမှကမ်းရိုးတမ်းသို့ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။” လို့ သိရပါတယ်။

မုန်တိုင်းငယ်ဖြတ်ကျော် ဝင်ရောက်ချိန်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်နဲ့ လပွတ္တာခရိုင်တွေမှာ မုန်တိုင်းဒီရေက ၈ ပေကနေ ၁၀ ပေအထိ မြင့်တက်နိုင်ပြီး မုန်တိုင်းငယ် ကမ်းဖြတ်ချိန်မှာ လေတိုက်နှုန်းဟာ တစ်နာရီမှာ ၄၀-၄၅ မိုင်နှုန်းနဲ့ လှိုင်ကြီးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။