Spread the love

ရန်ကုန်၊ မတ် (၂၂)

မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု နဲ့ တခြားကြမ်းကြုတ် ရက်စက်မှုတွေကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ မိမိ သတ်မှတ်ဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ (၈) ကြိမ်မြောက် သတ်မှတ်ချက်ကို ဒီနေ့မှာ အတည်ပြုပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

“သတ်မှတ်ထုတ်ပြန်သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်မှုများအတွက် အဓိကသတ်မှတ်ခြင်းဖြစ်သော်လည်း အခြားသော လူနည်းစုတိုင်းရင်းသားများနှင့် ဘာသာခြားများအပေါ်တွင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှု နှင့် အခြားကြမ်းကြုတ်ရက်စက်မှုများကို အသိအမှတ်ပြုရန်လည်း အရေးကြီးပါ” တယ်လို့ အမေရိကန်သံရုံး(ရန်ကုန်) ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက် စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ အချိန်ကစတင်ပြီး မြန်မာစစ်တပ်ဟာ နည်းပရိယာယ်များစွာကို အသုံးပြုလာတာကို မိမိတို့ အမေရိကန်သံရုံး(ရန်ကုန်) အနေနဲ့ တွေ့မြင်ခဲ့ရပြီး အခုအချိန်မှာ စစ်တပ်က သူတို့ရဲ့ ဖိနှပ်ချုပ်ချယ်မှုကို ဆန့်ကျင်တဲ့ ပျက်ပြားစေတယ်လို့ ယူဆရတဲ့ မည်သူ့ကိုမဆို ပစ်မှတ်ထားတာလာတာကို တွေ့ရတယ်လို့ သူက ဝေဖန်ပြောဆိုလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး ကာလအတွင်း မနေ့ကအထိ ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၁၆၉၅) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဖော်ပြချက်အရ သိရပါတယ်။

မနေ့ မတ်လ (၂၁) ရက်နေ့အထိ စစ်တပ်ရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၉၈၁၃) ဦး ရှိပြီး အဲ့ဒီထဲက (၈၆၇) ဦး ဟာ ထောင်ဒဏ်ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။