Spread the love

ရန်ကုန်၊ မတ် (၂၆)

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာအောက်မှာရှိတဲ့ နိုင်င်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က အောင်လှိုင်ဦး၊ နိုင်ထွဋ်အောင်၊ စစ်တိုင်းအောင်၊ ဇော်ဟိန်း နဲ့ ကိုကိုဦး တို့ကို မနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က ပြောပါတယ်။

“ခရစ္စမတ်အကြိုနေ့ အစုအပြုံလိုက်လူသတ်မှု”နှင့် ပတ်သတ်ဆက်နွယ်လျက်ရှိသည့် တမခ(၆၆)ကိုလည်း မြန်မာနိုင်ငံတွင် ပြည်သူများကို မတရားဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများအတွက် တာဝန်ယူမှုရှိစေရန် စာရင်းသွင်းခဲ့” တယ်လို့ သူက ပြောပြပါတယ်။

မြန်မာစီးပွားရေး ခေါင်းဆောင်တွေ ပိုင်ဆိုင်တဲ့ Htoo Group of Companies (Htoo Group)၊ the Asian Green Development Bank (AGDB)၊ Myanmar Chemical & Machinery Company Limited (MC&M) နဲ့ International Gateways Groups of Company Limited (IGG) တို့လဲ မနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုစာရင်းမှာ ထည့်သွင်းလိုက်ပြီဖြစ်တယ်လို့ ရန်ကုန် အမေရိကန်သံရုံး ရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒဏ်ခတ် ပိတ်ဆို့ခံရသူ- စစ်တိုင်းအောင် (Photo- Google)

“မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ အရေးယူဆောင်ရွက်ခြင်းဖြစ်သည်။ ယခုအရေးယူသတ်မှတ်မှုအပြီးတွင် အမေရိကန်အစိုးရသည် လုပ်ငန်း/အဖွဲ့အစည်း ၂၇ ခု နှင့် လူပုဂ္ဂိုလ် ၇၀ ကို ၎င်းတို့ ဆောင်ရွက်ပြုမူခဲ့သည့်အတိုင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ပြီ” ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

ယူကေအစိုးရကလဲ မြန်မာ့စစ်တပ်ကို လက်နက်ထောက်ပံ့ပေးရာမှာ တာဝန်ရှိသူတွေဖြစ်ကြတဲ့ လက်နက်ရောင်းဝယ် ဖောက်ကားသူတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ခဲ့ပါတယ်။

လက်နက်ရောင်းဝယ်ဖောက်ကားရာမှာ ပါဝင်ဆောင်ရွက်သူတွေဖြစ်ကြတဲ့ ဒေါက်တာအောင်မိုးမြင့် နဲ့ အောင်လှိုင်ဦး ရဲ့ ပိုင်ဆိုင်မှုတွေကို ကန့်သတ်လိုက်သလို ယူကေနိုင်ငံကို ခရီးသွားလာခွင့် မရအောင်လဲ ပိတ်ပင်တားမြစ်လိုက်ပြီ ဖြစ်တယ်လို့ အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling က ပြောပါတယ်။

Dynasty International Company Ltd ၊ Myanmar Chemical and Machinery Company Ltd နဲ့ Miya Win International Ltd. ကိုလဲ ဒဏ်ခတ် အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ခတ် ပိတ်ဆို့ခံရသူ- အောင်လှိုင်ဦး (Photo- Google)

အာရှဒေသဆိုင်ရာ ယူကေနိုင်ငံဝန်ကြီး Amanda Milling က “ကျွန်မတို့ ယူကေအစိုးရအနေဖြင့် စိတ်တူသဘောတူနိုင်ငံတွေနဲ့ လက်တွဲပြီး လွတ်လပ်ခွင့် ၊ ဒီမိုကရေစီ နဲ့ တရားဥပဒေ စိုးမိုးမှုရှိရေးတို့ကို ကာကွယ်သွားမှာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ပြီး ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်ကို အရေးယူနိုင်ရေးအတွက် လုပ်ဆောင်သွားမှာ” ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က စစ်အာဏာရှင်အဖွဲ့ရဲ့ ပိုမိုအရှိန်မြှင့်လာတဲ့ အကြမ်းဖက်မှုတွေကို တုံ့ပြန်ဖို့၊ မြန်မာပြည်သူတွေကို မိမိတို့ရဲ့ ခိုင်မာတဲ့ အားပေးထောက်ခံမှုတွေကို ပြသဖို့၊ စစ်အာဏာရှင်အဖွဲ့ ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းယူမှုနဲ့ အကြမ်းဖက်မှုတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အခုလိုရေးယူမှုတွေကို ပြုလုပ်ရတာ ဖြစ်တယ်လို့ ရှင်းပြပါတယ်။

အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိတဲ့ အချိန်ထိ စစ်အာဏာရှင်အဖွဲ့ကို ဒဏ်ခတ်အရေးယူတာတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သူက ပြောပါတယ်။