Spread the love

ရန်ကုန်၊ မတ် (၂၈)

အောင်ဆန်းတပ်ဖွဲ့က တပ်ခွဲ (၁)၊ တပ်စု (၁) က ရဲဘော် အောင်ဆန်းဦး (ခ) ကိုဦး နဲ့ ရဲဘော် ကျော်ဇင်မျိုး (ခ) အရှည်ကြီး တို့ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်ခဲ့လို့ ဝမ်းနည်းကြောင်း Aung San Force-A.S.F ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်ုပ်တို့ ရဲဘော်နှစ်ဦး ဆုံးရှုံးခဲ့ရမှုကြောင့် မိသားစုနှင့်ထပ်တူ အထူးအင် ဝမ်းနည်းကြေကွဲရကြောင်းနှင့် မိသားစုဝင်များအပေါ် စာနာတောင်းပန်အပ်ပါသည်။
ကျဆုံးရဲဘော်များသည် ပြည်သူလူထု စစ်ကျွန်ဘဝမှ လွတ်မြောက်ရေး၊ ဖက်ဆစ်စနစ် ဆန့်ကျင်ရေးနှင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရာ ထိုရဲဘော်များအား သူရဲကောင်းအာဇာနည်များအဖြစ် သတ်မှတ်” တယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ အောင်ဆန်းတပ်ဖွဲ့က ရဲဘော်နှစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် တစ်နေရာမှာ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ကျဆုံးရဲဘော်များ၏ ဆောင်ရွက်လက်စဖြစ်သော တော်လှန်ရေးတာဝန်များအား ကျန်ရစ်သော ကျွန်ုပ်တို့မှ ဆထက်တိုးထမ်းဆောင်သွားမည်ဖြစ်ပြီး မပြီးပြတ်သေးသော အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးကို အသက်နှင့်ခန္ဓာအား မြှုပ်နှံအပ်နှင်း၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျဆုံးရဲဘော်အပေါင်းကို တိုင်တည်သစ္စာပြုပါ” တယ်လို့ သူတို့ အဖွဲ့က ပြောပါတယ်။

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ရွာအနီးမှာ ပြီးခဲ့တဲ့ မတ်လ (၁၉) ရက် မနက် (၈) ခွဲကျော်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ အောင်ဆန်းတပ်ဖွဲ့၊ CHU PDF ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။