Spread the love

ရန်ကုန်၊ မတ် (၂၈)

စစ်ကောင်စီ သတင်းပေး သူလျှိုတွေ၊ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ မတ်လ (၃၁) ရက် နောက်ဆုံးထားပြီး အမြန်ဆုံး နှုတ်ထွက်ကြဖို့ကို တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က နောက်ဆုံးအကြိမ်အဖြစ် ထပ်မံ သတိပေးပြောကြားလိုက်ပါတယ်။

“အထက်ပါ ညွှန်ကြားချက်အား လိုက်နာခြင်းမရှိပါက ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်တို့အား ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုမှ အာမခံမည် မဟုတ်” ဘူးလို့ သူတို့က ပြောပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ လူစိတ်ကင်းမဲ့၊ ရက်စက်ယုတ်မာမှု လုပ်ရပ်တွေအပေါ် အားပေးထောက်ခံသူတွေဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်က စစ်ကောင်စီ သတင်းပေး သူလျှိုတွေ နဲ့ အုပ်ချုပ်ရေးမှူးတွေကို နှုတ်ထွက်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အခုလို နောက်ဆုံးအကြိမ် သတိပေးထုတ်ပြန်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီ အလုံးစုံ ပျက်သုဉ်းရေး၊ စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှ ရှင်းလင်းရေးနဲ့ လူထုတော်လှန်ရေးကို အရှိန်အဟုန်မြှင့် ဆက်လက် တိုက်ပွဲဝင် သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အခုမတ်လအတွင်း တနင်္သာရီတိုင်းဒေသကြီးမှာ စစ်ကောင်စီတပ်သားတွေ အနည်းဆုံး (၁၁) ကြိမ် တိုက်ခိုက်ခံရပြီး ၄၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။