Spread the love

ရန်ကုန်၊မတ်(၂၉)

အကြမ်းဖက်အဖွဲ့အစည်းတွေလို့ သတ်မှတ်ထားတဲ့အဖွဲ့တွေနဲ့ ထောက်ပံ့နေတဲ့ အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းတဲ့အထိ နှိမ်နင်းဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေချိန်မှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က တပ်မတော် လုပ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သက်ဆိုင်သူတွေ၊ တိုင်းရင်းသားပြည်သူတွေ နဲ့ အကျိုးဆောင်တွေအားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

မတ်လ (၂၇) ရက်နေ့က ကျင်းပခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနားမှာ စစ်ခေါင်းဆောင်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က သတင်းထောက်တွေရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားချိန် အခုလို ဖြေကြားခဲ့တာပါ။

“တပ်မတော်အနေနဲ့ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိစေဖို့အတွက် ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး၊ အကြမ်းဖက်နှိမ်နင်းရေးတွေကို လုပ်ဆောင်နေရတာတွေရှိပါတယ်။ အပြစ်မဲ့ ပြည်သူများနဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို အကြောင်းမဲ့သတ်ဖြတ်ပြီး နိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်လိုတဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ၎င်းတို့ကို ထောက်ခံပံ့ပိုးနေတဲ့အဖွဲ့တွေကိုတော့ တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နိုင်ငံတည်ငြိမ်အေးချမ်းသည်အထိ နှိမ်နင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ တပ်မတော်တွေဟာလည်း ဘယ်အကြမ်းဖက်အဖွဲ့အစည်းနဲ့မှ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်တာမရှိကြောင်း အသိပေးလိုတယ်” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက “၂၀၂၂ ခုနှစ်ကို တပ်မတော်အနေနဲ့ ငြိမ်းချမ်းရေး နှစ်အဖြစ်သတ်မှတ်ထားပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့အားထည့်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ သက်ဆိုင်သူအားလုံး တိုင်းရင်းသား ပြည်သူအားလုံး အကျိုးဆောင်များ အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြဖို့မေတ္တာရပ်ခံပါတယ်” လို့ ပြောပြပါတယ်။

အာဏာသိမ်းခေါင်းဆောင်တွေရဲ့ အတိုင်အဖောက်မညီတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သြဂုတ်လအတွင်းမှာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တဲ့ တပ်မတော် က ဗိုလ်ကြီး အဆင့်ရှိသူတစ်ဦးက အခုလိုသုံးသပ်ပြောဆိုထားပါတယ်။

“ပြောမယ်ဆို အဓိက က သူ့ပွဲပဲပေါ့၊ လက်ရှိသူအကြီးဆုံးပဲကို။ မြေပြင်အခြေအနေသိပေမယ့် ဖင်ပိတ်ပြီး လျှောက်ပြောတာလို့ပဲထင်ပါတယ်ဗျ။ အာဏာရူးပြီး စစ်သားတွေရဲ့ဘဝတွေကိုမကြည့်ဘဲ မိမိအာဏာတည်မြဲရေးအတွက် လုပ်ချင်ရာ လုပ်နေတာတော့ မြင်သိတဲ့သူတွေ အသိပါပဲဗျ။ မြေပြင်ကတကယ်လုပ်နေတဲ့သူတွေ အတွက် သနားစရာလို့ပဲ မြင်ပါတယ်ဗျ။ အသက်တွေ ဘယ်လောက်များ သူ စတေးဦးမလဲလို့ ကြည့်ရဦးမှာပါပဲ။ သို့ပေသည့် တပ်ပျက်နေသည့် သဘောကို တပ်တွင်းစည်းလုံးညီညွတ်ကိုတည်ဆောက်ဖို့ ၃ ခါလောက်ထည့်ထည့်ပြောသွားတာ မြင်တွေ့ရပါမယ်ဗျ” လို့ ကိုပြောပါတယ်။

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် စစ်ခေါင်းဆောင်နှစ်ဦးလုံးက ပြောဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ထောင်ပေါင်းများစွာတဲ့ ပြည်သူတွေဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတာပါ။