Spread the love

ရန်ကုန်၊ ဧပြီ (၃)

ရန်ကုန်-မန္တလေးလမ်းပေါ်မှာရှိတဲ့ မြဝတီဘဏ် မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကင်းစခန်းကို မနေ့ ညနေ (၆) နာရီခွဲကျော်က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကင်းစောင့်နေတဲ့ စစ်သားတစ်ဦး သေဆုံးသွားတယ်လို့ Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ က ပြောပါတယ်။

“မြဝတီဘဏ်မှ စခကင်းအား ငရုတ်သီး (၈)တောင့်ကျွေးခဲ့ပြီး (၁) ကောင်မှာ ပြန်မထနိုင်တော့ နေရာတွင်ပင် အိပ်သွားပါတယ်။ Double cab 2 စီးနှင့် စခများရောက်လာသဖြင့် အိပ်သွားသော ခွေးတကောင်ထံမှ တောင်ဝှေး(၁)လက်အား မကောက်ယူနိုင်ခဲ့ပါ။” သူတို့အဖွဲ့ရဲ့ မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြဝတီဘဏ် ကင်းစခန်း တိုက်ခိုက်မှုကို မန္တလေးမြို့ပြပျောက်ကျား မဟာမိတ်တပ်ပေါင်းစု (၆) ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး “မဟာမိတ်ရဲဘော်များအားလုံးအထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါကြောင်း ကျနော်တို့ မန္တလေးမြို့ပြပျောက်ကျား မဟာမိတ်တပ်ပေါင်းစုမှ မင်္ဂလာသတင်းပါးအပ်တယ်” လို့ သူတို့အဖွဲ့တွေက ပြောပါတယ်။

မန္တလေးမြို့၊ (၄၃) လမ်း၊ (၆၅- ၆၆) ကြားမှာရှိတဲ့ မြို့နယ်ထွေအုပ်ရုံး နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ (၃၃) လမ်း၊ (၈၇) လမ်းထောင့်မှာရှိတဲ့ ရပ်ကွက်ရုံးကို Phoenix-အထူးပြောက်ကျားတပ်ဖွဲ့ နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ ဧပြီ (၁) ရက်နေ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။