Spread the love

ရန်ကုန်၊ ဧပြီ (၆)

တော်လှန်ရေးဟာ တစ်ရက်စောပြီး အောင်မြင်ရင် တစ်ရက်ဆိုသလို ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခပေါင်းစုံက သက်သာမှာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ တက်ညီလက်ညီ ဆက်လက်ကြိုးပမ်း ပေးကြပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

“အခုဆိုရင် နိုင်ငံတကာရေးရာဘက်မှာလည်း အပြောင်းအလဲတွေ၊ အရွေ့တွေ များလာတာ တွေ့ရတာမို့ ဒီအခြေအနေတွေကနေ ကျနော်တို့တော်လှန်ရေး အောင်မြင်ဖို့ အမြတ်ထုတ်နိုင်ရန် လိုအပ်ပြီး အခြေအနေတွေကိုလည်း ဗျူဟာကျကျစဉ်းစား သုံးသပ်ကြပြီး ချဉ်းကပ် ကြဖို့လိုတယ်” မနေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၄၉) ကြိမ်မြောက် အစည်းအဝေးပွဲမှာ သူက အခုလို ပြောဆိုလိုက်တာပါ။

ယာယီသမ္မတ ဒူဝါလရှီးလ ကလဲ အခုနွေဦးတော်လှန်ရေးဟာ ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ ဂုဏ်သိက္ခာရှိလာဖို့ရာ မလွဲမသွေ လုပ်ဆောင်ခဲ့ကြရတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီတော်လှန်ရေးမှာ ပါဝင်ခွင့်ရတာဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာ ဖြစ်တယ်။ ရဲရင့်ပြတ်သားတဲ့ သတ္တိတွေနဲ့ စစ်အာဏာရှင် မတရားအုပ်စိုးမှုကို မြန်မာနိုင်ငံမှ အပြီးသတ် ဖယ်ရှားပစ်ဖို့ အားလုံးညီညွတ်မှု၊ အနစ်နာခံမှု၊ ကမ္ဘာ့မိတ်ဆွေတွေနဲ့ ပူးပေါင်းလျက် ဆက်လက်ကြိုးပမ်းသွားကြဖို့” သူက မနေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးပွဲမှာ အခုလို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် လူမှုဒုက္ခ၊ စီးပွားရေး ပျက်စီးတဲ့ဒုက္ခ၊ ကျောင်းသား ကျောင်းသူ၊ ကလေးတွေရဲ့ ပညာရေးအနာဂတ် ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်ခံစားနေပြီး ပျက်သုန်းနိုင်ငံကို ဦးတည်နေပြီဖြစ်ပြီး ခေတ်အဆက်ဆက် စစ်တပ်ရဲ့ တစ်ကိုယ်ကောင်းဆန် အာဏာမက်မောမှုတွေကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်းရဲတွင်းနက်သည်ထက် နက်လာပြီး ကမ္ဘာ့အလည်မှာ မျက်နှာပျက်နေရတယ်လို့ သူက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က အဖက်ဘက်က ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစပေါ်ကို ရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် တာဝန်မဲ့လွန်းတဲ့ လူတစ်စုကြောင့် တစ်နှစ်အတွင်းမှာ တိုင်းပြည်ဟာ ကဏ္ဍပေါင်းစုံမှာ နောက်ကျနေပြီး နောက်ကြောင်းပြန်နေတဲ့ အခြေအနေကို တွေ့မြင်ရတဲ့အတွက် အင်မတန် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

“လူတစုရဲ့အတ္တကြီးမှု၊ ရက် စက်မှုဒဏ် တွေကို နည်းမျိုးစုံနဲ့ခံစား နေခဲ့ကြရတာ ၁ နှစ်ကျော်ကြာလာခဲ့ပြီဖြစ်တယ်၊ နိုင်ငံလည်း အဘက်ဘက်ကယိုယွင်းပြီး ခက်ခဲတဲ့အခြေအခြေအနေတွေကို ရင်ဆိုင်နေရသလို ပြည်သူတွေလည်း အတော်ဒုက္ခများကြတယ်။ အ ကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူတွေက သူတို့ကိုလက်မခံနိုင်တာ ကောင်း ကောင်းသိသလို သူတို့အုပ်ချုပ် နိုင်စွမ်းမရှိတာလည်း သိနေပေမယ့် တိုင်းပြည်နဲ့ပြည်သူအတွက် နည်းနည်းမှထည့်မစဉ်းစားဘဲ ထင်ရာစိုင်းပြီး စီမံချင်သလိုတွေစီမံနေတာ အားလုံးအသိပဲဖြစ်တယ်။” သူက ပြောကြားပါတယ်။