Spread the love

ရန်ကုန်၊ ဧပြီ (၁၁)

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားတဲ့ မင်္ဂလာပွဲတစ်ပွဲမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက C8 News ကို ပြောပါတယ်။

မနေ့ ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်၊ ခမောင်းတောင်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်ပွဲပြီးချိန်မှာ အခုလိုပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။

“မင်္ဂလာပွဲပြီးလို့ ပစ္စည်းတွေ သိမ်းတဲ့အချိန်မှာ ပေါက်ကွဲမှုဖြစ်တာ။ ကြည့်ရတာ ပွဲရှင်တွေကို မကျေနပ်လို့ လုပ်တာဖြစ်မယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပြပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကို အခုထိ မထုတ်ပြန်သေးပါဘူး။

စစ်တပ်ကအာဏာသိမ်းပြီးနောက်၂၀၂၁ ခုနှစ်၊ မေလ (၂၅) ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က) ရပ်ကွက်၊ ဓမ္မာရုံအနီးက တိုက်ခန်းတစ်ခုမှာ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် ပါဆယ်ဗုံး ပေါက်ကွဲခဲ့လို့ သတို့သမီး အပါအဝင် လူ သုံးဦး သေဆုံးခဲ့ပါသေးတယ်။